Part-60 (Unicode)

28.1K 1.7K 348
                                    

ကျေးငှက်အစုံတွန်ကျူးသံ ကျီးအာသံတချို့နဲ့ လေတိုး၍သစ်ရွက်အချင်းချင်းပွတ်တိုက်မိသံမှလွဲ၍ရေကူးကန်ပတ်ဝန်းကျင်နားသည်တိတ်ဆိတ်ငြိမ်သက်နေ၏။ လူနှစ်ဦးထိုင်နေပါသည်ဟု မျက်မြင်တွေ့၍သာယုံရမည် နှစ်ဦးလုံးစကားတစ်ခွန်းမဆိုဘဲဆိတ်ဆိတ်နေကြသည်မှာ ရေကူးကန်ထဲကရေသေတွေအလား။ အသက်အရွယ်ကွာဟသော ထိုလူသားနှစ်ဦးကိုကြည့်လျှင် လူကြီးဖြစ်သူ၏အတိတ်မှာရှိခဲ့သောမျက်နှာမျိုးကိုတွေ့နိုင်ပြီး လူရွယ်ဖြစ်သူ၏နောင်ဖြစ်လာမည့်အနာဂတ်မျက်နှာမျိုးကိုလည်း လူကြီးဖြစ်သူကိုကြည့်ခြင်းဖြင့်ခန့်မှန်းမိနိုင်မည်ထင်ပါ၏။

လူကြီးကကော်ဖီကိုအရသာခံသောက်နေသော်လည်း လူရွယ်မှာမူလူမမာဟူသောအကြောင်းပြချက်ဖြင့် သောက်ရမည့်အိုဗာတင်းပူပူကိုမူတစ်စက်မှမထိသေးပေ။

ဦးမြတ်ဟန်ကော်ဖီပူပူကိုတစ်ငုံမှုတ်သောက်လိုက်ပြီး သားကြီးကိုမည်သည့်ကိစ္စမှစပြောရင်ကောင်းမလဲဟုတွေးနေ၏။ ယခုမှသတိရကာစလူနာကိုစိတ်ရှုပ်ထွေးစေမည့်အကြောင်းများပြောလို့မဖြစ်ပေ။ ထို့ကြောင့် ဦးမြတ်ဟန်သည်ပုံမှန်လုပ်ရိုးလုပ်စဥ်အတိုင်း...

"အခုရောဘယ်လိုနေသေးလဲ သားကြီး"

"နည်းနည်းမအီမသာဖြစ်တာကလွဲလို့သားအဆင်ပြေပါတယ် အဖေ"

"အေးပေါ့ အခုမှကောင်းခါစကိုသားရဲ့ ဘာမှမဖြစ်ဖူးဆိုမှထူးဆန်းနေဦးမယ်"

ဦးမြတ်ဟန် ကော်ဖီတစ်ငုံယူသောက်လိုက်ပြန်၏။ ထို့နောက် "အေး" ဟူသောစကားလုံးကိုသံရှည်ဆွဲပြီးအစချီကာစကားဝိုင်းကိုဦးဆောင်ပါတော့သည်။

"အေး.....ငါ့သားမှဒီလိုတွေဖြစ်ရတယ်လို့ အဖေကမင်းကိုလက်လွှတ်ရတော့မယ်ထင်တာ"

နောက်ဆုံးစကားမှာအသံတွေတိမ်ဝင်သွားတော့ သားကြီးကသူ့ကိုလှည့်ကြည့်လာပါသည်။

"သား စိတ်လိုက်မာန်ပါတွေလုပ်ခဲ့တဲ့အကျိိုးတွေပါအဖေ"

"အဲ့လိုလည်းဘယ်ဟုတ်မလဲ သားရယ်...သားကလူငယ်ဘဲ ပြီးတော့မင်းအဘိုးအကျင့်တွေနဲ့တစ်ထပ်တည်းဘဲအဖေ့သားက"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now