Part-69 (U+Z)

22.6K 1.3K 60
                                    

ဘုန်းဟန်,ဒူးထောက်နေသူအားကြည့်မိချိန်တွင် ထိုသူ၏လက်သီးဆုပ်တွေကိုပါမြင်လိုက်ရတာကြောင့် တုံးတိဖြစ်နေသောလက်ညှိုးနေရာတွေကသူ့စိတ်ကိုလေးလံသွားစေပြီး အတိတ်ကဖြစ်ရပ်တွေဟာခေါင်းထဲသို့အစီအရီဝင်ရောက်လာခဲ့ကြပြန်သည်။

သက်ပြင်းမောချမိလိုက်တဲ့ဘုန်းဟန်,သည် ချီထားသောကလေးနှစ်ယောက်ကိုမြေပြင်ပေါ်သို့ပြန်ချပေးလိုက်ရင်း...

"အကောင်ပေါက်လေးတွေခဏဆော့နေဦးနော်...ဖေကြီး ဒီဦးဦးနဲ့စကားပြောလိုက်ဦးမယ်"

အဆော့သန်လေးနှစ်ယောက်ကတော့ သူ့လက်ပေါ်ကနေမြက်ခင်းပြင်ပေါ်ခြေကျတာနဲ့ ခိုးခိုးခစ်ခစ်ရယ်သံလေးတွေနဲ့အတူဒန်းငယ်လေးတွေဆီပြေးသွားပါတော့သည်။ ဘုန်းဟန်,ကလေးနှစ်ယောက်ကိုကြည့်ပြီး သူနဲ့ချမ်းရဲ့ကိုယ်ပွါးလေးတွေဆိုသောအသိကပါကပ်ပါလာတာကြောင့်မြတ်နိုးစွာပြုံးလိုက်မိသည်။ ထို့နောက် ယခုထိဒူးထောက်လျက်ရှိနေသူနားလျှောက်သွားလိုက်ပြီး လက်တစ်ဖက်ကမ်းပေးလေတော့ အံ့အားသင့်စွာမော့ကြည့်လာတဲ့မျက်ဝန်းတွေဟာ မမျှော်လင့်ထားခဲ့သောအခြေအနေဖြစ်ကြောင်းပြောနေသလိုပင်။

လွင်ဦးမောင် သူ့မျက်စိရှေ့ရောက်လာသောလက်ဖဝါးတစ်ဖက်အား မယုံနိုင်သလိုကြည့်လိုက်ပြီးနောက် လက်ပိုင်ရှင်ကိုလည်းမော့ကြည့်လိုက်တဲ့အခါ လက်ပိုင်ရှင်ကမျက်ခုံးပင့်ပြပြီးကမ်းနေသောလက်ဖဝါးကိုပါ သူ၏အနီးသို့ထပ်မံတိုးပေးပါ၏။ လွင်ဦးမောင် မိမိလက်ဖဝါးကိုပုဆိုးနဲ့ပွတ်တိုက်လိုက်ပြီးနောက် မဝံ့မရဲစိတ်နှင့်အတူသူ၏ရှေ့မှလက်အားဆုပ်ကိုင်လိုက်ပါသည်။ ဆွဲမခံလိုက်ရခြင်းနှင့်အတူမျက်နှာချင်းဆိုင်ဖြစ်သွားသောအနေအထားတွင် သူ့ရှေ့မှလက်ပိုင်ရှင်ကအပြုံးမမည်သောအပြုံးလေးတစ်ခုဖြင့်သူ့အားကြည့်နေလေသောအခါ လွဲမှားတဲ့အတွေးတွေနဲ့ပြုမူမိခဲ့တဲ့လုပ်ရပ်တွေဟာ အရှေ့မှလူနှင့်ကြာကြာမျက်လုံးချင်းမဆုံရဲစေသည်အထိရှက်ရွံ့သိမ်ငယ်စိတ်ဖြစ်စေခဲ့ပါ၏။

ဘုန်းဟန်, လွင်ဦးမောင်ကိုဆွဲထူလိုက်ပြီးနောက် ကလေးတွေဆော့နေသည့်ကစားကွင်းလေးနှင့်မနီးမဝေးတွင်ရှိနေသောခုံတန်းလေးဆီလှမ်းလာခဲ့သည်။ သူနဲ့ကပ်ရက်မှာခေါင်းငုံ့ပြီးလိုက်လာတဲ့ လွင်ဦးမောင်၏စိတ်ထဲမည်သို့မည်ပုံခံစားနေရမည်မှန်း အနည်းငယ်တော့ခန့်မှန်း၍ရပါသည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now