"အထွန်းရေ"
"ဟဲ့ လှကြည် ၊ ဈေးသိမ်းခါနီးမှ ဘယ်လိုရောက်လာတာလဲ"
"နင့်ကို သတိရလို့ ထွက်လာတာ ၊ ပြီးတော့ ဈေးဝယ်ရင်းနဲ့ "
လှကြည်က နောက်မှ ပါလာသော မိန်းကလေးကို စာရွက်တစ်ရွက်ပေးသည်။
"ရော့ ဝယ်ပြီးမှ ဒီဆိုင်ကို ပြန်လာခဲ့နော်"
ထိုမိန်းကလေးထွက်သွားပြီးသောအခါတွင်တော့ လှကြည်က ဘေးမှ ဆိုင်အလွတ်ပေါ်တက်ထိုင်တော့သည်။
စိန်နားကပ်ကိုပန်ကာ နောက်တွဲဆံထုံးထုံးထားသော လှကြည်သည် ဖြူဖြူစင်စင်ပင် လှပနေဆဲပင်။
ရင်ညွန့်ထိရှည်သော ဆွဲကြိုးတွင် တစ်လက်မခန့်ရှိသော စိန်ဆွဲသီးက ထင်သာမြင်သာရှိနေသည်။ လက်တစ်ဖက်စီတွင်ရှိနေသော လက်စွပ် ၊ လက်ကောက်တို့ကို တွေ့ရသော အခါတွင်တော့ အထွန်းတစ်ယောက် ဝမ်းသာစိတ်ဖြင့် ပြုံးမိပါသည်။
"လှကြည်ရေ အခုမှပဲ မြင်ရတော့တယ် ၊ အဆင်ပြေတယ်မလား"
"ဘာကိုလဲ "
"အကုန်ပေါ့ဟာ နင်ရော ၊ နင်တို့ အိမ်ရော"
"ငါတို့အိမ်ကတော့ ပြေမှာပါ ၊ ငါကတော့ မပြေဘူး"
"ဟဲ့ နင် အဆင်မပြေဘူးလား ဘယ်လိုဖြစ်တာလဲ"
"မပြေပါဘူးဟာ ၊ ဒီလိုပါပဲ "
ခေါင်းကို ခပ်လေးလေးခါရင်း သက်ပြင်းချသော လှကြည်ကို အထွန်းက နားမလည်စွာဖြင့်ကြည့်မိသည်။
အရာရာပြည့်စုံတဲ့သူနဲ့ မင်္ဂလာဆောင်ထားတာလေ ၊ လှကြည်ကို အခြားသူတွေကတောင် အားကျနေကြတာ။ ဒါကို သူက အဆင်မပြေဘူးတဲ့လား။
"လှကြည် နင်စိတ်ညစ်နေရတာလား"
"အေးဟယ် ငါလည်းမှားတာပါ"
"အဲလိုလည်း ဘယ်ဟုတ်မလဲ ၊ မိဘ ပေးစားလို့ယူခဲ့တာပဲ"
လှကြည်က နှုတ်ခမ်းကို မဲ့သည်။
"သူကလေ လူကောင်းမဟုတ်ဘူး ၊ ငါ့အမေတို့ရှေ့မှာတော့ သူတော်ကောင်းပေါ့ ဒါပေမယ့်လေ သူ့စိတ်ထဲမှာ ငါ့ကို လိုချင်စိတ်ကလွဲပြီး ဘာမှမရှိဘူး "
"လှကြည်ရယ်.."
"အထွန်း နင်သိလား ငါအရမ်းပင်ပန်းတာပဲ ၊ လူပင်ပန်းတာထက် စိတ်ပင်ပန်းတယ် ၊ ရွှေတွေ ငွေတွေ ရှိနေလည်း ငါမပျော်ဘူး "
အထွန်းက စကားပြန်မပြောနိုင်။ လှကြည်ကတော့ မျက်ရည်များဝဲလာသည်။
" ငါလေ အဲလူအကြောင်းကို အိမ်ခွဲနေမှ သိတော့တယ် ၊ ပိုက်ဆံစကားအရမ်းပြောတဲ့အပြင် သောက်တတ်စားတတ်သေးတယ် ၊ ပြီးတော့ အဆိုးဆုံးက ငါ့ကို
ကိုအောင်သန်းနဲ့ ခဏခဏ သမုတ်တယ်ဟယ်"
"ဟဲ့ အဲဒါတော့ လွန်တာပေါ့ ၊ နင်တို့က မင်္ဂလာဆောင်ပြီးတည်းက မတွေ့တော့တာမလား"
"အေးလေ ၊ အဲဒါကို မူးလာတိုင်း ငါ့ကို သမုတ်တယ် ၊ တစ်ခါတလေဆိုရင် ရိုက်လားနှက်လားနဲ့၊ ငါလေ စိတ်ရှိတိုင်းသာ လုပ်လို့ရရင် ကွာပစ်တယ် ၊
ဒါပေမယ့် မလုပ်ပါဘူးအထွန်းရယ် ၊ ငါလည်း ငါ့မိသားစုကို ငဲ့ရဦးမှာပေါ့ ပြီးတော့ ယူထားတာမှ တစ်နှစ်မပြည့်သေးဘူး ကွဲကြ ကွာကြရင် ပတ်ဝန်းကျင်က ဘယ်လိုပြောကြမလဲ"
"နင့်အိမ်ကရော ဒီအကြောင်းတွေမသိဘူးလား"
"ဘယ်သိမလဲဟာ ဟိုလူက ငါတို့မိဘအိမ်သွားရင် လူကြီးလူကောင်းပုံနဲ့လေ ၊ ပြီးတော့ ဒီကိစ္စကို အမေတို့သိရင် စိတ်ကောင်းမှာမဟုတ်ဘူး ၊ ငါ့အတွက်နဲ့တော့ စိတ်မဆင်းရဲစေချင်ဘူးဟယ်"
လှကြည်က ကျလုဆဲဆဲမျက်ရည်ကို လက်ညှိုးဖြင့် အသာတို့ရင်း သုတ်သည်။
"ငါ့ကံပဲပေါ့ အထွန်းရယ် ၊ ငါက အိမ်ထောင်သည် ဖြစ်သွားပြီပဲ ဒီကိစ္စမျိုးက ပြန်ပြင်လို့မှ မရတာ"
"နင့်ကံဆိုပြီးတော့လည်း ဖြစ်သမျှခါးစည်းခံဖို့မလိုပါဘူး လှကြည်ရယ် ၊ နင် ဘာပဲဖြစ်ဖြစ် ငါ့ဆီလာခဲ့သိလား ၊ ငါ ဈေးမှာမရှိရင် အိမ်လာခဲ့ ၊ နင့်ဘက်မှာ ငါရှိတယ် "
"ကျေးဇူးပါပဲဟာ "
"ကျေးဇူးဆိုတာ မလိုပါဘူးဟယ် ၊ ငါ့ကို တစ်မြို့လုံးက လက်ညှိုးထိုးပြီး ကဲ့ရဲ့ကြတုန်းကလည်း နင်က ငါ့ဘက်မှာနေပေးခဲ့တာပဲ၊ ငါလေ နင်ရှိနေလို့ ဘယ်လောက် အားရှိခဲ့ရလဲ သိလား ၊ ဒါကြောင့်လေ နင်ဘာပဲ ဖြစ်ဖြစ် ငါနင့်ဘက်ကနေမယ် နော် "
လှကြည်က ခေါင်းညိတ်သလို အထွန်းကလည်း ပြုံးပြမိပါသည်။
ငါခက်ခဲခဲ့တဲ့အချိန် ၊ လူတွေက လက်ညှိုးထိုးတဲ့ အချိန်မှာ နင်က ငါ့ကို ခင်ခင်မင်မင်နဲ့ ပေါင်းခဲ့တာ။ နင် ဒီလူနဲ့ ကွဲလို့ နင့်ကို တစ်လောကလုံး လက်ညှိုးထိုးရင်တောင် ငါ နင့်ဘက်ကနေပေးမယ်။
" အိမ်ဖော်ကောင်မလေး လာနေပြီ၊ ငါပြန်တော့မယ် ၊ ငါနင်နဲ့ တွေ့ချင်လို့ ဈေးသိမ်းချိန်နီးမှ ကပ်လာတာ "
"အေးအေး ဂရုစိုက်နော် ၊ တစ်ခုခုဆို ငါ့ဆီကိုသာလာခဲ့ သိလား"
"အေးပါ ငါသွားပြီနော်"
လှကြည်ကို နှုတ်ဆက်ပြီးသောအခါ အထွန်းရင်ထဲမကောင်း။
တကယ်ဆို ဘာလို့ အဲလိုတွေဖြစ်ရတာလဲ။ လှကြည်ခမျာ သူ့ရည်းစားနဲ့ မိဘပေးစားတဲ့သူနဲ့ကို လဲထားရတာ။ တကယ်ဆို ဟိုလူကလည်း ဒီလိုလုပ်ဖို့မသင့်ပါဘူး။ သူများသားသမီးကို ယူထားပြီးတော့ ။
အထွန်းက တွေးရင်းကပင် စိတ်တိုလာကာ ပိုက်ဆံခြင်းကို ဆောင့်ချလိုက်သည်။
"လူစိတ်ကိုမရှိဘူး "
"လှကြည်လည်း သူ့ရည်းစားနဲ့ဆို ဒီလို စိတ်ညစ်ရမှာမဟုတ်ဘူး"
"သူက တကယ် မျက်နှာနှစ်မျိုးနဲ့ပဲ"
"မကောင်းဆိုးဝါးကောင်"
"နောက် ဒီထက်လွန်လာရင် ပါးသွားရိုက်မှာ"
ပစ္စည်းသိမ်းရင်း ဖြင့် အထွန်းတစ်ယောက် မကျေမနပ်ရေရွတ်နေတော့သည်။
ဆိုင်သိမ်းပြီးသောအခါတွင်တော့ အထွန်းသည် ပိုက်ဆံခြင်းကို လက်ကကိုင် ၊ ဗန်းတစ်ချပ်ကို ခေါင်းပေါ်တင်ကာ ဈေးမှ ထွက်လာတော့သည်။
လာရာလမ်းတစ်လျှောက်တွင် ကိုမိုးဆီ ဖုန်းဆက်ရန်လည်း မမေ့။
မေ့စရာလား ၊ ကိုမိုးက ဆက်စေချင်လို့ ဖုန်းနံပါတ်ပေးခဲ့တာဖြစ်မှာ ၊ ဖုန်းကိုင်ကိုင် မကိုင်ကိုင် အထွန်းဘက်က ဆက်ရမှာပေါ့ ။
ဒါပေမယ့်လေ ကိုမိုးဖုန်းမကိုင်ရင် အထွန်း အရမ်းဝမ်းနည်းတာပဲ။
ဖုန်းဆိုင်ရှေ့ရောက်သောအခါ ဆိုင်ရှင်အစ်မက ခုံတစ်လုံးချပေးသည်။ အထွန်းက ထိုခုံပေါ်တွင်ထိုင်ပြီးလျှင် ပိုက်ဆံခြင်းကို စားပွဲပေါ်တင်သည်။
ဆိုင်ရှင်က စာအုပ်တစ်အုပ်ကို ထုတ်ကာ ဖုန်းမှတ်တမ်းကို ကြည့်ရင်း
"ဒီနံပါတ်ပဲ မလား"
"ဟုတ်"
ဖုန်းဝင်သွားသောအသံသည် အထွန်းအတွက်တော့ ကျယ်လောင်လွန်းလှသည်။
"ဟဲလို"
ဖုန်းကိုင်ပြီ ၊ ဖုန်းကိုင်ပြီပဲ ။ အထွန်းတစ်ယောက် ရင်ဘတ်ကို လက်ဖြင့် အသာဖိကာ အသက်ရှူရန်ပင် မေ့နေသည်။
"ဟဲလို"
နောက်တစ်ခေါက်ထူးသံကြားမှ ပျာပျာသလဲ ပြန်ပြောရသည် ။
"ကိုမိုးနဲ့ ပြောချင်လို့ပါ"
"ခဏနော် "
"ဟုတ်"
"ကျော်မိုးရေ ဖုန်းလာတယ် " ဟူသော အော်သံတစ်ခု ကိုကြားလိုက်ရသောအခါ အထွန်းတစ်ယောက် အပျော်ကြီးပျော်မိတော့သည်။
"ဟဲလို"
"ဟဲလို ကိုမိုး ၊ အထွန်းပါ"
ဖုန်းဆက်ချိန်တွင် ပြောချင်သောစကားများကို စုထားသော်လည်း အမှန်တကယ်တွင်တော့ အထွန်းတစ်ယောက် အပျော်လွန်ကာ မေ့ကုန်တော့သည်။
"အထွန်း နေကောင်းလား"
"ဟုတ် ကိုမိုးရော"
"အင်း ကောင်းပါတယ်"
"ဒါနဲ့ ကိုမိုး ၊ အထွန်း နေ့တိုင်းဖုန်းတွေခေါ်တာ ဘာလို့ မကိုင်တာလဲဟင်"
"အာ အရင်နေ့တွေက ကျောင်းသွားနေတဲ့အချိန် ဆက်လို့ထင်တယ် ၊ ဒီနေ့က ကျောင်းပိတ်လို့ ၊ ပြီးတော့ အကို့ဒီဖုန်းက ဖုန်းနံပါတ်မပေါ်ဘူးလေ "
"ဪ ဟုတ်"
"နောက်ဆိုရင် စနေ ၊ တနင်္ဂနွေခေါ်နော် "
"ဟုတ်"
"ဒါနဲ့ ကိုမိုး "
"အင်း အထွန်းပြောလေ"
"ဘယ်တော့ပြန်လာမှာလဲဟင်"
"စာမေးပွဲ ပြီးရင် ပြန်လာမှာပေါ့ ၊ အထွန်း ဘာမှာချင်လို့လဲ"
"မမှာချင်ပါဘူး ၊ ဒီအတိုင်း မေးကြည့်တာပါ"
တကယ်တော့ ကိုမိုးကို လွမ်းလို့ပါ ။ အသံကြားရင် အလွမ်းပြေမယ်လို့ ထင်ခဲ့မိတာ ။
အခု အလွမ်းမပြေဘဲ ပိုပြီးတော့တောင် လွမ်းမိလာသလိုပဲ။
"အထွန်း အခုခေါ်တဲ့ ဖုန်းနံပါတ် ပေးထားဦး "
"ဟုတ် ၀၄၃- ...."
ဖုန်းချပြီးသော အခါ အထွန်းက ဆိုင်ရှင်အမကို ရယ်ပြရင်း
"ဘယ်လောက်ကျလဲဟင်"
"ထောင့်ငါးရာ"
အထွန်းက ပိုက်ဆံခြင်းထဲမှ တစ်ထောင်တန်တစ်ရွက်နှင့် ငါးရာတန်တစ်ရွက်ကို ထုတ်ပေးသည်။
တစ်ထောင့်ငါးရာ ကုန်သွားသောကြောင့် နှမျောစိတ်တစ်ဝက် ဝင်မိသော်လည်း ကိုမိုးဟု တွေးရုံဖြင့်ပင် ပြုံးမိရပါသည်။
အထွန်း ကိုမိုးနဲ့ ဖုန်းပြောလိုက်ရပေမယ့် လွမ်းနေတုန်းပဲ။ ဒါပေမယ့်လည်း အမြဲတမ်း ပြောနေလို့မှမရတာ ။ တစ်မိနစ်ကို တစ်ရာ ၊ ဆယ်မိနစ်ကို တစ်ထောင် ။ အထွန်းသာ စိတ်ရှိတိုင်း ပြောနေရင် အိမ်ပြင်ဖို့ စုထားတဲ့ ပိုက်ဆံလေးတွေ ကုန်ရချည်ရဲ့။
ထိုနေ့က အထွန်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့်ပင် အိမ်ပြန်လာသည်။ အထွန်းကို စနောက်လေ့ရှိသော ကောင်လေးတစ်သိုက်ကိုလည်း ပြုံးပြခဲ့မိလေသလို။ အင်မတန်မှ ဈေးဆစ်တတ်သော အပျိုကြီးကိုလည်း ရယ်ပြခဲ့မိသလို။
အထွန်းလေ ကိုမိုးကို အရမ်းသဘောကျတာပဲ။
********