ဓားမကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ထင်းခွဲနေသော အထွန်းသည် ချွေးဒီးဒီးပင် ကျနေသည်။
"အထွန်း တော်တော့လေ ၊ နေတွေပူတယ်"
"ပြီးတော့မှာပါ အမေရဲ့ "
"နောက်မှဆက်လုပ်ပါ အထွန်းရယ် ၊ အခု ဒီမှာ ထမင်းအရင် လာစားဦး "
ထိုအခါမှ အထွန်းက ဓားမကို ဂရုတစိုက် အောက်သို့ချကာ လက်ဆေးသည်။
"အမေ လက်ဆေးဖို့ ရေယူခဲ့ရဦးမလား "
"မယူနဲ့တော့ အမေဆေးလာခဲ့ပြီ"
အထွန်း ထမင်းစားပွဲ သို့ ရောက်သောအခါ ထမင်းပန်းကန်နှင့် ဟင်းပန်းကန်တို့က ခူးပြီးသား အဆင်သင့်။
စားပွဲပေါ်တွင် အထွန်းအကြိုက်ဆုံး ဝက်သားဟင်း အပါအဝင် ဟင်းငါးမျိုးလောက်ကို တွေ့လိုက်ရတော့ မျက်နှာလေးက ဝင်းခနဲ။
အထွန်းက ကြက်သား တစ်တုံးကို ယူပြီး အမေ့ ပန်းကန်ထဲသို့ထည့်ကာ ဦးချသည် ။
"အမေ ဟင်းတွေအများကြီး ချက်ထားတာလား"
"သုံး လေးမျိုးတည်းပါ အထွန်းရယ် ပြီးရင် မကုန်တာလည်းမဟုတ်ဘူး"
"အမေ ပင်ပန်းတယ်လေ"
အထွန်းက ဆူပုတ်ပုတ်ဖြင့် ပြောလာတော့ အမေက ရယ်သည်။
"ငါ့သား အတွက်ချက်တာပဲ ၊ အမေက ပင်ပန်းစရာလား"
သို့သော်လည်း အထွန်းကတော့ အမေ့ကို ဟင်းများများ မချက်စေချင်။
အထွန်းက စားရတာ ကြိုက်ပေမယ့် အမေ့ကိုမှ မပင်ပန်းစေချင်တာ။
ထမင်းစားပြီးသော အခါတွင်တော့ အထွန်းက ပန်းကန်းများသာမက အိုးခွက်ပါ မကျန်တိုက်ချွတ်ရင်း ဆေးသည် ။
မကြာခင်မှာပင် ထမင်းကို သုံးပန်းကန် စားထားသော အထွန်းတစ်ယောက် မျက်လုံးများပင် မှေးစင်းလာေတာ့သည်။
အထွန်းက ခေါင်းအုံးတစ်လုံးကို ကြမ်းပြင်ပေါ်ချပြီး လူပါ လှဲချလိုက်သည်။
ထို့နောက် စောင်အပါးတစ်ထည်ကို ခြုံသည်။
"အထွန်း ပူလိုက်အိုက်လိုက်တာ ၊ အဲ့ စောင်ကြီးခြုံမထားနဲ့လေ"
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"