၁၄။ Modified Version

Start from the beginning
                                    

"မင်း အခုတလော အလုပ်ရှုပ်နေတာမဟုတ်ဘူးလား? ခမည်းတော်က မင်းက အရမ်းအရည်အချင်းရှိတယ်လို့ပြောနေတော့ မင်းကို တာဝန်တွေအများကြီးပေးထားမှာပဲ။"

အိမ်ရှေ့စံမင်းသားက သရော်သည်။

"မင်းမှာ ဆရာစုနဲ့အတူ လင်းတောင်ပေါ်ကနန်းဆောင်ဆီသွားဖို့ ဘယ်လိုလုပ်အချိန်ရှိနေရသေးတာလဲ?"

"စိတ်ပူဖို့မလိုပါဘူး အစ်ကိုတော်။ စစ်တပ်ရေးရာကိစ္စတွေကိုစစ်ဆေးတာနဲ့ ချီစီရင်စုအကြောင်းစုံစမ်းစစ်ဆေးဖို့တာဝန်တွေကို ကျွန်တော်လုပ်ပြီးပါပြီ။ မနေ့ကပဲ ခမည်းတော်ဆီကိုတင်ပြခဲ့တာ။ ဒီနေ့ အစ်ကိုတော့်ကိုတင်ပြမလို့ပဲ။ ချင်မြို့စားမင်းရဲ့ကိစ္စအတွက်ကတော့ တော်ဝင်အထောက်တော်ပြန်မလာသေးလို့ အခုချက်ချင်းအမှုစစ်လို့မရသေးဘူး။ ရက်နည်းနည်းလောက်တော့ အားလပ်နေဦးမှာပါ။ အစ်ကိုတော့်ညီလေးကို ခဏလောက်ပေးနားသင့်တယ်မဟုတ်ဘူးလား?"

မင်းသားယွီက ပြုံးကာဆို၏။ သူ့ဟန်ပန်က အလွန်တရာမှလေးစားရိုကျိုးနေပုံပေါ်သော်လည်း အိမ်ရှေ့စံမင်းသားသည်တော့ မကျေမချမ်းဖြစ်လျက်ရှိသည်။ မင်းသားယွီက အရိုက်ခံချင်နေတာပဲ။ ဒီနားမှာ ဘယ်သူမှမရှိဖို့ သူဆုတောင်းမိသည်။ ဒါမှသာ သူ့စိတ်ပြေလျော့ဖို့အတွက် မင်းသားယွီကို သူကိုယ်တိုင် တစ်ချက်နှစ်ချက်လောက်ရိုက်နိုင်မည်လေ။

"မင်းသားရဲ့ကြင်နာမှုကို ကျွန်တော်မျိုး ဝမ်းမြောက်ဝမ်းသာလက်ခံပါ့မယ်။"

မိန်ချန်စုက ဆိုသည်။ သူက ထိုညီအစ်ကိုနှစ်ယောက်ကိုတစ်ချက်ကြည့်လိုက်၏။ သူတို့နှစ်ယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် ရိုသေလေးစားသည့်ပုံပေါ်သော်လည်း အမှန်မှာတော့ တစ်ယောက်ကိုတစ်ယောက် အရိုးထဲထိမုန်းတီးနေကြပေ၏။ သူက အရိုအသေပေးဦးညွှတ်ကာစကားဆက်သည်။

"ဒါပေမယ့် ကျွန်တော်မျိုးက သမားတော်ရွှမ် ကျွန်တော်မျိုးအတွက် အထူးပြင်ဆင်ဖော်စပ်ပေးထားတဲ့ဆေးကိုသောက်နေရပါတယ်။ သူမသောက်ခိုင်းတဲ့ဖြည့်စွက်ဆေးဝါးတွေကို ကျွန်တော်မျိုးသောက်လို့မရပါဘူး။ နှစ်ထောင်ချီသက်တမ်းရှိတဲ့ မဟာကာကြံဆစ်ပင်က ရှားပါးရတနာပါ၊ အလကားမဖြုန်းတီးလိုက်ပါနဲ့။ လင်းတောင်ပေါ်က ဆေးရေပူစမ်းအတွက်ကတော့ ကျွန်တော်မျိုးအနေနဲ့ သမားတော်ရွှမ်ဆီ အရင်ဆုံးစာရေးဖို့လိုပါတယ်။ သူက ကျွန်တော်မျိုးကို အဲ့ဒီမှာရေစိမ်ခွင့်ပြုရင် ကျွန်တော်မျိုး မင်းသားကိုအနှောင့်အယှက်ပေးရပါလိမ့်မယ်။"

Nirvana in Fire (မီးလျှံကြားမှနိဗ္ဗာန်ဘုံ)[Myanmar Translation]Where stories live. Discover now