"သြော်"

Ran Feng Ge ထိုင်ခုံကိုမှီလိုက်သည်။ ဘာမျှထပ်မပြောတော့။ ထိုအစား..တွေဝေမှုအနည်းငယ်နှင့်..ခေါင်းကိုလှည့်ကာ ကားမှန်မှတဆင့် တစ်ရိပ်ရိပ်ကျန်ခဲ့သည့် ပြင်ပရှုခင်းကို ကြည့်နေခဲ့ပါသည်။

Su Yi Mo သည်လည်း ထပ်မံစကားမဆိုတော့ပါ။ ကျန်သည့်ခရီးကို တိတ်တဆိတ်သာ မောင်းလို့လာသည်။ အိမ်ရာစုများရှိရာသို့ သူတို့ရောက်လျှင် ရိုးရှင်းသော်လည်း တန်ဖိုးမနည်းသည့် အဖြူရောင်အိမ်ရာတစ်ခု၏ရှေ့တွင် ကားရပ်သွား၏။

သူ၏ရှေ့တွင် မားမားမတ်မတ်ရှိနေသည့် အဆောက်အဦးကို ငေးကြည့်ရင်း Ran Feng Ge မသိလိုက်ဘဲ ပါးစပ်အဟောင်းသားဖြစ်သွားသည် ___ဒါ တကယ့်လူချမ်းသာတစ်ယောက်ရဲ့ အိမ်တော်ပဲ။

အဟမ်း...!

သူ့ကိုယ်သူ မူလအနေအထား ပြန်ရောက်သွားမှ Ran Feng Ge ချောင်းတစ်ချက်ဟန့်လိုက်သည်။  ထို့နောက် စိတ်ထဲကနေ တစ်ယောက်တည်းပြောလို့နေ၏။

' မင်းလည်း ချမ်းသာပါတယ်..ဖြစ်ဖြစ်မြောက်မြောက်လုပ်ပြီးရင် ဒီအလုပ်ကထွက်လိုက်တော့ ... အိမ်ရာအသေးလေးတစ်ခုလောက်လည်း ဝယ်နိုင်လိမ့်မယ်...ခွေးအကြီးစားနှစ်ကောင်လောက်ကို အေးဆေးမွေးပြီး ပြိုင်ကားတစ်စင်းနဲ့ နေရာတိုင်းကိုမောင်း။ ကျေနပ်စရာ ပေါ်ကြော့ဘဝလေးနဲ့ နေ..။

" မင်း မဆင်းဘူးလား?"

Su Yi Mo၏ အသံကိုကြားကာမှ Ran Feng Geသည် သူ၏ စိတ်ကူးယဥ်ကမ္ဘာမှ ပြန်လည်နိုးထလာခဲ့သည်။ သူက ခါးပတ်ကိုဖြုတ်၊ တံခါးဖွင့်ပြီး အပြင်သို့ထွက်လိုက်၏။

" အိမ်မှာတော့ ဆေးရုံမှာလောက် မင်း ဂရုစိုက်စရာမလိုပါဘူး။ ငါ အိမ်ကိုစစ်ဆေးပြီးပြီ။ အထဲမှာ ကြားဖြတ်ဖမ်းယူတဲ့ ကိရိယာ တစ်ခုမှမရှိဘူး။ မင်း အဲဒီထဲကို ဝင်သွားရုံပဲ..ပြီးရင် Jing Qiu Hanရဲ့ အိမ်အဖြစ်ထုတ်ပြောလိုက်မယ်။ လိုအပ်ရင် ဇာတ်ညွှန်းအတိုင်း သူ့စကားနည်းနည်း ပြော။ အဲဒါကလွဲရင် မင်းလုပ်ချင်ရာလုပ်လို့ရတယ်"

Su Yi Mo က ခေတ္တနားပြီး ဆက်ပြော၏။

"တကယ်တော့ မင်းရဲ့ဒဏ်ရာတွေ အရှင်းပျောက်သွားပြီဆိုရင် Qiu Han နေရာမှာအစားထိုးပြီး ရွှေ့ဆိုင်းထားတဲ့ ဇာတ်လမ်းတွဲကို ပြီးအောင်ဆက်ရိုက်ရမှာ။ ရိုက်ကူးရေးသမားတွေနဲ့ဆိုရင် မင်းက Jing Qiu Han ဆိုတော့..အရာရာကိုဂရုစိုက်ရမယ်။ သရုပ်ဆောင်ပိုင်းမှာ ဟာကွက်တစ်ခုမှ ချန်ထားလို့မရဘူး.."

လူစားထိုး Where stories live. Discover now