Zawgyi
လွှမ်းမိုးခြင်းခံရတယ်ဆိုတာ ကိုယ့်ရဲ့ခံယူချက်အပေါ်မူတည်တယ်လို့ joe က ယူဆထားတယ်။ ဒီလိုသာမဟုတ်ရင် အမည်တောင်မမိတ်ဆက်ပေးတဲ့လူက သူ့အပေါ်လွှမ်းမိုးနေပါတယ်လို့ ဘာနဲ့သက်သေထူရမလဲလေ။
ရူးရူးမိုက်မိုက်ပဲ သံကြိုးတွေနဲ့အချည်ခံရခြင်းကိုပျော်မွေ့တယ်။ ကျေးဇူးပြုပြီးတစ်ယောက်ထဲတော့မထားခဲ့ပါနဲ့ဆိုတဲ့စကားက သူသွားလေရာတကောက်ကောက်လိုက်ချင်တယ်လို့ မဆိုလိုမိပါဘူး။ နှင်းတွေကိုသဘောကျတဲ့အကြောင်းပြောပြတယ်။ ပထမဦးဆုံးပဲ ဆောင်းရာသီအချိန်တွေကို ရပ်ထားပစ်ချင်တယ်လို့လည်းပြောတယ်။ ရာသီဥတုက အေးလွန်းပါတယ်။ ဒါပေမယ့်အဲ့လူက joeအတွက်တော့မီးလှုံစရာမီးလင်းဖိုလေး။
ကော်ဖီတွေသောက်နေရတဲ့အချိန်ဆို စိတ်ကောင်းဝင်တတ်တဲ့အဲ့လူက ဘဝအကြောင်းတစ်ပိုင်းတစ်စကိုလွှတ်ခနဲရင်ဖွင့်လေ့ရှိတယ်။ အထက်တန်းကျောင်းသားဘဝတုန်းက သူချစ်ရတဲ့ခွေးကလေးဂျက်ကီ ကားတိုက်သွားတဲ့အကြောင်းပြောပြနေတုန်းကဆို အဲ့လူကjoeရင်ခွင်ထဲ တိုးငိုတယ်။ ကျွန်တော်သေသွားရင်ရော ဝမ်းနည်းမှာလားလို့မေးမိတဲ့ အဲ့ညကစပြီး joe အချုပ်ပြန်ကျတော့တာပဲ။ အလှထားတာတဲ့ဝိုင်ပုလင်းတွေက သောက်လိုက်ရင်ကုန်သွားမှာနှမြောလို့တဲ့။ စာကြည့်တိုက်ကမိန်းမလှလေး အမ်းခဲ့တဲ့ငွေစက္ကူအကြွေတွေကို အမှတ်တရစာအုပ်ကြားထဲဖိညှပ်ထားတယ်။ အမှတ်တမဲ့ထုတ်ကြည့်မိတဲ့အခါ လွမ်းစရာအငွေ့အသက်တွေနဲ့ ခပ်ဆွေးဆွေးဖီးလ်ချင်တာပါတဲ့လေ။ joe ထင်သလိုပဲ အဲ့လူဟာရူးနှမ်းနေတာကလွဲရင် အခြားအဖြေမရှိလောက်ဘူး။
တစ်ယောက်ထဲမထားခဲ့ပါနဲ့ဆိုတဲ့စကားက joe ကို ပြစ်ဒဏ်ချမှတ်တယ်။ သူသွားလေရာနောက်တကောက်ကောက်လိုက်ရရင်း မိန်းမတစ်ယောက်နဲ့သူ၊ ကုတင်ပေါ်ကလှုပ်ရှားနေမှုတွေ မမြင်ချင်ယောင်ဆောင်နေလည်းကြားနေရတဲ့အသံတွေက ကုန်းပေါ်ရောက်လာတဲ့ငါးကလေးလို သေလုမျောပါးခံစားရစေတယ်။ မျက်စိတွေပိတ်၊ နားတွေပိတ်၊ ကျိတ်ပြီးမျက်ရည်ကျရင်းမှ အုန်းခနဲတံခါးပွင့်သံကြောင့် လန့်သွားတယ်။ joe ကိုစောင့်ဆွဲလာတဲ့လက်တွေ။