Zawgyi
အဲ့ဒီမြို့ရဲ့ညဟာ nightlife ဆိုတဲ့စကားလုံးကို အသက်သွင်းပုံဖော်ပေးတယ်။ ယမကာအနံ့လှိုင်နေတဲ့ လမ်းသွယ်ကလေးမှာ မာကျူရီမီးတိုင်တွေကလွဲလို့ ဆိုင်ထဲအခကြေးငွေပေးမဝင်နိုင်တဲ့ ဆေးသမားတွေရှိမယ်။ ပိုက်ဆံပေးရတာနဲ့တန်အောင်ကို မျက်စိအစာကျွေးလို့ရတဲ့နတ်သားတွေရှိတဲ့နေရာဆို မမှားဘူး။
အပေါ်ပိုင်းဗလာနဲ့bartender ကောင်လေးတွေဟာ ခါးပတ်နဲ့တူတဲ့သားရေကြိုးအနက်ရောင်တွေကို လည်ပင်းကစလို့ ခန္ဓာကိုယ်အနှံ့ ရစ်ပတ်နှောင်တွယ်ထားတယ်။ ကောက်ညှင်းထုပ်တစ်ခုကိုကြိုးနဲ့ချည်ထားသလို တင်းတင်းရင်းရင်းဖြစ်နေတာကြောင့် အသားဆိုင်တွေဟာမို့မို့မောက်မောက်။ ဘယ်လိုကုသိုလ်ကံတွေကြောင့်လှလွန်းနေလဲမသိ။ မိန်းကလေးရှုံးလောက်တဲ့အသားအရောင်နဲ့ခါးသေးသေးတွေ၊ နှုတ်ခမ်းဆိုးဆေးမကူထားတဲ့ ကြမ်းရှရှနှုတ်ခမ်းပါးတွေဟာ တက်မက်စရာသိပ်ကောင်းတယ်။ စက္ကန့်ပိုင်းထပ်ပိုငေးမိရင်ပိုင်ဆိုင်လိုတဲ့ဆန္ဒတွေက သွေးထဲပွက်ပွက်ဆူလာတဲ့အထိ သူတို့ငြို့အားသိပ်ပြင်းတယ်။
အရှေ့တည့်တည့်က အလှလေးက မျက်နှာချင်းဆိုင်မှာရှိနေတဲ့ Ethan ကို နည်းနည်းလေးတောင်ကြည့်မလာဘူး။ ဘာယူမလဲဧည့်သည်ဘာညာ လောကွတ်မချောဘဲ ဖန်ပုလင်းတွေကိုလေပေါ်မြှောက်ကစားရင် ယမကာအရည်အချို့ကိုဖျော်စပ်နေတယ်။ ဖန်ပုလင်းတွေကိုင်ထားတဲ့ လက်ချောင်းတွေပေါ်မှာ ရောမကိန်းဂဏန်းတွေကိုတက်တူးထိုးထားတယ်။ ထိုင်ကြည့်နေတာကိုတော့ရိပ်မိပုံပဲ။ အဲဒီကောင်လေးအရင်နေ့တွေကလိုမပေါ့ပါးဘဲ နည်းနည်းမူပျက်နေတယ်။ Ethan ထိုင်တဲ့နေရာနဲ့အဲ့ကောင်လေးကြားမှာ စားပွဲလိုဟာကြီးပဲရှိတာမို့ အသားထဲနစ်ဝင်နေတဲ့ကြိုးတွေကိုမြင်နေရတယ်။ ကြိုးအောက်ကအသားဆိုင်တွေဟာချည်နှောင်ထားခံရတာကြာလို့ နီရဲနေပြီ။ ချွေးစခိုသီးနေတဲ့ဝမ်းဗိုက်ကြွက်သားတွေက အဖုအထစ်တွေနဲ့ကျစ်လစ်နေတယ်။
"Jakamizar တစ်ခွက်ရနိုင်မလား"
"ဘာနဲ့ရောပေးရမလဲ လူကြီးမင်း"
ကြောင်မျက်လုံးတွေထဲမှာ ကိုယ့်ပုံကိုယ်မှန်လိုပြန်မြင်ရနေလို့ Ethan လန့်သွားရတယ်။ အမြဲဆံပင်အုပ်နေတဲ့ဒီကောင်လေးရဲ့မျက်လုံးတွေကို သူပထမဆုံးအကြိမ်မြင်ဖူးတဲ့အကြိမ်ပဲ ငြို့ခံလိုက်ရတော့တာပဲလား။ လှပေ့ဆိုတဲ့မိန်းမတွေကို ထည်လဲတွဲတဲ့Ethanလက်ဖျားခါလောက်တယ်။ အမှန်အတိုင်းဝင်ခံတာဒီလောက်လှတဲ့မျက်ဝန်းတွေ သူဘဝမှာပထမဦးဆုံးမြင်ဖူးခြင်းပဲ။