........................................

အိပ်ပျော်နေရာကနေနိုးလာတော့ မျက်လုံးမဖွင့်သေးဘဲ လက်နဲ့ဘေးဘက်ကို စမ်းကြည့်လိုက်သည်။ ဘေးနားမှာချထားတဲ့ ခေါင်းအုံးကိုပဲ စမ်းမိပြီး ဘုန်းထက် မရှိတာကို သိလိုက်ရတာကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်မိသည်။

အပြင်ကိုထွက်တဲ့ဘက်က တံခါးချပ်တွေထဲမှ နှစ်ချပ်ကို အဆုံးထိဖွင့်ထားတာကြောင့် အိပ်ခန်းက ၃ ဆလောက် ပိုကျယ်သွားလေသည်။ အရင်က ဧည့်ခန်းအဖြစ်ထားတဲ့ စားပွဲခုံအနိမ့်လေးအနားမှာ ဘုန်းထက်က ထိုင်နေပြီး စာဖတ်နေလေသည်။ ပြတင်းပေါက်တချို့ကိုလဲဖွင့်ထားကာ လိုက်ကာပဲချထားတာကြောင့် လေအနည်းငယ်အခန်းထဲ ဝင်နေလေသည်။ အမွှေးနံ့လိုလို၊ ဆေးမြစ်နံ့လိုလို အနံ့မျိုး ရနေတာကြောင့် ဘေးဘက်ကိုလိုက်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းက စင်ပေါ်မှာတင်ထားတဲ့ မီးခွက်အသေးလေးကနေ အငွေ့အနည်းငယ်ထွက်နေတာကို တွေ့လိုက်ရလေသည်။

ကျွန်တော်ထထိုင်လိုက်တော့မှ ဘုန်းထက်က ခေါင်းငုံ့နေရာကနေ မော့ကြည့်လာလေသည်။

"အိပ်တာတောင် သိပ်မကြာသေးတာကို နိုးလာပြီလား။"

ကျွန်တော့်ကို လှမ်းမေးလိုက်ပြီးတော့ ထိုင်နေရာကနေထလာကာ ရေတစ်ခွက်ပါ ယူလာလေသည်။ ရေခွက်ကို လှမ်းပေးရင်းက တခြားလက်တစ်ဖက်နဲ့ ကျွန်တော့်နဖူးကို လှမ်းပြီး စမ်းကြည့်နေလေသည်။

"အကို တစ်ခုခု လိုအပ်လို့လား။ဒါမှမဟုတ် တစ်နေရာရာက နေလို့မကောင်းလို့လား။"

ကျွန်တော်ရေခွက်ကို လှမ်းယူလိုက်ရင်းက

"ဒီတိုင်းပဲနိုးလာတာပါ။ အကို နေကောင်းပါတယ်။ဒါနဲ့ ဘုန်းထက်က ဘာလို့ မအိပ်သေးတာလဲ။"

"အိပ်မပျော်သေးတာနဲ့ အစီရင်ခံစာ တချို့ဖတ်နေတာပါ။ အကို ရေအရင်သောက်လိုက်ဦး။ မိုးလင်းဖို့နည်းနည်းလိုသေးတော့ နန်းတွင်းသူတွေကို အကို အဆာပြေစားဖို့ တစ်ခုခု ယူခိုင်းလိုက်ဦးမယ်။ ညတုန်းကလဲ ပွဲမှာ အကို ဘာမှ သိပ်မစားဘူးလေ။ အခု ဗိုက်ဆာနေတယ်မလား။"

ကျွန်တော့်ကို သူ ဂရုစိုက်ရှာသားပဲ လို့တွေးမိတော့ ကြည်နူးမိသွားတာကြောင့် သူ့ကို ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်လေသည်။

RestartМесто, где живут истории. Откройте их для себя