Part 14 (Unicode)

72 7 2
                                        

အသစ်တစ်ဖန်

....................

အပိုင်း (၁၄)

...............................

"အရှင်တို့ အတွက် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်းပါ။"

ဘေးနားမှာရှိနေကြတဲ့ အထိန်းတော်တွေနှင့် နန်းတွင်းသူတွေ အားလုံးက ဝမ်းသာအားရ ပြောလိုက်ကြတာဖြစ်သည်။

ဘုန်းထက်ဆီကနေ ဘာအသံမှ မကြားရတာကြောင့် ကျွန်တော် သူ့ကိုမော့ကြည့်လိုက်မိသည်။

သူ့မျက်နှာက တစ်ခုခုကို စဉ်းစားနေသလိုမျိုး တည်တည်ကြီးဖြစ်နေလေသည်။ ခဏနေတော့မှ

"မိဖုရားကြီးရဲ့ အခြွေအရံတွေကလွဲရင် ကျန်တဲ့လူတွေ အကုန် အပြင်မှာ စောင့်နေပါ။"

သမားတော်နှင့် တခြားလူတွေအကုန် ထွက်သွားပြီးမှ

"အထိန်းတော်ကြီး"

"အမိန့်တော်နာခံလျက်ပါ။"

"အမတ်ရန်နောင်တို့ နန်းဆောင်နဲ့ မင်းသမီးရဲ့နန်းဆောင်ကို ဒီသတင်းကို သွားပြောလိုက်ပါ။ ပြီးတော့ မနက်ဖြန်မနက် ဥယျာဉ်ထဲမှာ မနက်စာလာစားဖို့ ဖိတ်လိုက်တယ်လို့ပါ ပြောခဲ့ပေး။ စားဖိုဆောင်ကိုပါ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ သွားပြီး မှာကြားလိုက်ပါ။"

"အမိန့်တော်အတိုင်းပါ အရှင်"

အထိန်းတော်ကြီး ထွက်သွားတော့မှ ဘုန်းထက်က ကျွန့်တော့်ရဲ့ အထိန်းတော်ဘက်ကို လှည့်လိုက်လေသည်။

"မိဖုရားကြီးကို ပေါ့ပေါ့ပါးပါးရှိမယ့် အဝတ်အစားတွေလဲပေးပြီး အိပ်စက်အနားယူခိုင်းထားလိုက်ပါ။"

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

နောက်ဆုံးကျတော့မှ ကျွန်တော့်အနားကိုရောက်လာကာ နဖူးပေါ်ကျနေတဲ့ ဆံပင်လေးကို သပ်ပေးလိုက်ရင်းက

"ခဏလောက်နားလိုက်ဦးနော်။ ကိုယ်တော်မှာစရာရှိတာတွေ သွားမှာလိုက်ဦးမယ်။"

ဝမ်းသာတဲ့ပုံစံမပြဘဲ ပုံမှန်အတိုင်း တည်တည်ကြီး နေနေတာကြောင့် ကျွန်တော်ဝမ်းနည်းနေမိလေသည်။တကယ်ဆို ဒါ ဝမ်းသာရမယ့် ကိစ္စပဲလေ။ နောက်ဆို ကလေးငယ်လေးပါရှိလာတော့မှာမို့ ပြည့်စုံတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်တော့မှာဖြစ်သည်။ ဒါကို သူက ဘာဖြစ်လို့ အခုလို အေးတိအေးစက် နေနိုင်ရတာလဲမသိပေ။

RestartDonde viven las historias. Descúbrelo ahora