Part 14 (Unicode)

Start from the beginning
                                        

"ကိုယ်လက်သန့်စင်ပေးလိုက်သေးလား။"

"အရမ်းအိပ်ချင်နေလို့ တရေးနိုးမှ မျက်နှာသစ်မယ်လို့ ပြောပြီး အိပ်သွားတာပါ။"

တစ်ခုခုကို စဉ်းစားနေသလို ခဏငြိမ်သွားတာကြောင့် ဘုန်းထက်ဘာဆက်ပြောမလဲ လို့ သေချာနားစွင့်ထားမိသည်။

"မိဖုရားကြီးကို ရေပတ်တိုက်ပေးဖို့အတွက် နန်းတွင်းသူနှစ်ယောက်က သွားပြင်ဆင်လိုက်ပါ။ ရေကိုနွေးနွေးလေးနဲ့ အနေတော်ဖြစ်အောင် သေချာယူလာခဲ့ပါ။ ပဝါကိုလဲ နူးညံ့တဲ့ဟာမျိုး ယူခဲ့လိုက်ပါ။"

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

နန်းတွင်းသူနှစ်ယောက်ထွက်သွားပြီးတော့ တံခါးပိတ်သံကို ကြားလိုက်ရလေသည်။

"အထိန်းတော်ကြီး ....မိဖုရားကြီး အနားမှာ ခစားနေတာ ဘယ်လောက်ကြာပြီလဲ။"

"မိဖုရားကြီး ဒီကို စရောက်လာကတည်းကပါ"

"အထိန်းတော်မှာ မိသားစု ရှိသလား။"

"မရှိပါဘူး မင်းကြီး"

"မိဖုရားကြီးကို ကိုယ့်ဆွေမျိုးအရင်းလို သဘောထားပေးနိုင်မလား။"

"ကျွန်တော်မျိုးမအနေနဲ့ အဆင့်ကျော်ပြီး ပြောမိသလို ဖြစ်သွားရင်နားလည်ခွင့်လွှတ်ပေးတော်မူပါ မင်းကြီး။ မိဖုရားကြီး ဒီနန်းတော်ကိုစရောက်လာတဲ့နေ့ကတည်းက ကိုယ့်သားသမီးလေးလို ချစ်ခင်မိလို့ အနားမှာနေပြီး စောင့်ရှောက်ပေးခွင့်ရဖို့ မင်းကြီးရဲ့မယ်တော်မိဖုရားကြီးဆီမှာ ခွင့်တောင်းခဲ့တာပါ။ ကျွန်တော်မျိုးမရဲ့ သစ္စာရှိမှုနဲ့ စိတ်ရင်းကို ယုံကြည်တာကြောင့် မယ်တော်ကြီးက ဒီတာဝန်ကို ထမ်းဆောင်ခွင့်ပေးခဲ့တာလို့ ထင်မိကြောင်းပါ။"

"ကိုယ်တော်နားလည်ပြီ။ ကိုယ်တော်လဲ အထိန်းတော်ကို အရင်လိုပဲ ဆက်ပြီး စိတ်ချ ယုံကြည်သွားချင်ပါတယ်။ ကိုယ်တော် စိတ်ချလို့ရမယ်မလား။"

"ကျွန်တော်မျိုးမ အသက်နဲ့လဲပြီး မိဖုရားကြီးကို ကာကွယ်စောင့်ရှောက်ပါ့မယ်။"

"အခုက အရင်ထက်ပိုပြီး နှစ်ဆ၊သုံးဆ သတိထားပြီး စောင့်ရှောက်ပေးရမယ့် အချိန်ပဲ။ နန်းတွင်းသူတွေထဲကနေ အထိန်းတော်ကြီး စိတ်တိုင်းကျတဲ့သူ ၂ ယောက်၊ ၃ယောက်လောက် ထပ်ရွေးလိုက်ပါ။ မိဖုရားကြီးအနားမှာ နေ့ည မပြတ် တစ်ယောက်မဟုတ်တစ်ယောက်ရှိနေဖို့လိုတယ်။ မိဖုရားကြီး အနားမှာနေရမယ့်လူတွေအားလုံးကို ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တာတွေကို သေချာလေ့လာကျက်မှတ်ခိုင်းလိုက်ပါ။ အဲ့ဒီတာဝန်ကို ဆောင်ရွက်ပေးနိုင်မလား။"

RestartWhere stories live. Discover now