"Hyunjin ssi.. အပြင်မှာ ဧည့်သည်ရောက်နေတယ်။" staff တစ်ယောက်ရဲ့ တီးတိုးသတိလာပေးမှုကြောင့် မျက်ခုံးတို့ တွန့်ချိုးသွားရသည်။
ရိုက်ကွင်းကိုလာတွေ့စရာ ဧည့်သည်လည်း မရှိပါဘဲ ဘယ်သူကများ......
နေ့လည်နားချိန်ဖြစ်၍ Hyunjin လည်း အပြင်သို့ ထွက်လာလိုက်၏။ နီဆွေးရောင်နံရံတို့ကို ကျောမှီရင်း သူ့အား ရပ်စောင့်နေသော Seungmin ကို တွေ့လိုက်ရတော့ ကြုံ့ထားသောမျက်သားတို့က အလိုအလျောက်ပြေလျော့ကုန်သည်။
"ကိုယ့်ကို လာတွေ့တာလား။"
"ဟိုနေ့က ကုတ်အင်္ကျီပြန်လာပေးတာ။" လှမ်းပေးလာသော အဖြူရောင်အိတ်လေးကို မယူချင်။
"မင်းပဲ သိမ်းထားလိုက်ပါ။ နောက်လည်း လိုရင် လိုလာဦးမှာပေါ့။"
"ဟင့်အင်း။ ကျွန်တော့အပိုင်မဟုတ်တဲ့ ဘယ်အရာကိုမှ အတင်းယူမထားချင်ဘူး။ နောက်ဆုံးကျ ကျွန်တော်ပဲ နာကျင်ရတာမလား။" Hyunjin ရဲ့ မျက်လုံးတွေထဲကို တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်တဲ့စကားတွေမှာ အဓိပ္ပါယ်နှစ်ခွရှိကြောင်း နှစ်ဦးလုံးသိကြလေသည်။
ကိုယ်မပိုင်တဲ့အရာတွေကို သံယောစဉ်မတွယ်စေတာပဲ ကောင်းပါတယ်။ မဟုတ်ရင် အချိန်တန်လို့ ပိုင်ရှင်ဆီ ထွက်သွားတဲ့အခါ တွယ်ငြိသူကသာ နာကျင်ကျန်ခဲ့ရမှာမလား။
"အဲ့ဒီနေ့က ရောက်လာပေးတဲ့အတွက်ရော၊ ယူချယ်ပန်းတွေအတွက်ရော၊ နောက်ပြီး ကျွန်တော့ဘေးမှာ ရှိခဲ့ပေးတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်။" မယူချင်ပါသော်ငြား ထိုအိတ်လေးအား လက်ထဲသို့အတင်းထိုးထည့်ကာရယ်။ ကျေးဇူးတင်စကားဆိုပြီး လှည့်ထွက်သွားဖို့ ကြိုးစားပြန်သည်။
"ခဏ..." သူ့လက်ကိုလှမ်းဆွဲမိတော့ ခေါင်းလေးတစောင်းစောင်း၊ မျက်လုံးလေး ကလယ်ကလယ်ဖြင့် လှည့်ကြည့်လာသေးသည်။ ဒီအပြုအမူလေးတွေဟာ ဒီလောက်မြတ်နိုးဖို့ကောင်းမှန်း အရင်က ဘာလို့မမြင်ခဲ့မိပါလိမ့်။
"ကိုယ့်ဆီကို ပြန်လာပေးပါလား။" နောက်တစ်ကြိမ် ဆိုတဲ့အရာကို လုပ်ဆောင်ရတာကို သေလောက်အောင်မုန်းပေမဲ့လည်း သူ့ကိုတော့ ပြန်လာဖို့ ဒုတိယအကြိမ်မြောက် တောင်းဆိုမိ၏။
YOU ARE READING
Someone • 황승
Fanfictionသူဟာ ကျွန်တော့်အတွက် ကမ္ဘာငယ်တစ်ခုပေမဲ့ ကျွန်တော်ကတော့ သူ့ဘဝထဲ မလွှဲမရှောင်သာ ပါဝင်ခွင့်ပြုထားရတဲ့ တစ်စုံတစ်ယောက် ဆိုတဲ့ဖြစ်တည်မှုထက် မပိုခဲ့ပါဘူး။