စိုင်းဝေယံဆီက ဖုန်းချပြီး Facebook ကိုဖွင့်လိုက်သည့်အချိန်မှာဘဲ Facebook messengerရဲ့ Unseen messages chat box ကနေ စာတစ်စောင်က ရောက်နေလေသည်။ တော်ရုံတန်ရုံ အဲ့လို Message မျိုး မရတတ်တာမို့ ထက်မာန်ဦး ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
စာလေးသည် ဟဲလိုဆိုတဲ့ ခပ်ရိုးရိုးလေးသာ။ ပို့တဲ့သူက ယောင်္ကျားလေး ဖြစ်နေတာမို့ ထက်မာန်ဦး ထို Chat boxထဲမှ ပြန်ထွက်ဖို့ ပြင်လိုက်ပေမယ့် ပို့လာတဲ့ လူရဲ့ ဖေ့စ်ဘွတ် နာမည်ကို တစ်လုံးချင်းစီ အသံထွက်ရွတ်မိသည်။
"မင်း..ဥာဏ်?"
မျက်နှာတစ်ခုက အာရုံထဲမှာဖျတ်ခနဲ။
"ကိုမင်းဥာဏ်???"
ကားကို ဟိုတယ်ရှေ့မှာဘဲ မင်းဥာဏ် ရပ်ထားခဲ့လိုက်သည်။ ဟိုတယ်နာမည်ကို ရေးထိုးထားတဲ့ ရွှေရောင်စာလုံးကြီးကို တစ်ချက်လှည့်ကြည့်ပြီး ဟိုတယ်ထဲကိုသာ ၀င်ခဲ့လိုက်လေသည်။ ဒါထက်မာန်ဦး ပို့လာတဲ့ လိပ်စာအရရော နာမည်အရရောဆို ဒီဟိုတယ်ကွက်တိဘဲ။
ဝင်ဝင်ချင်းမှာဘဲ ဧည့်ခန်းထဲမှာစောင့်နေတဲ့လူတစ်ယောက်သည် မင်းဥာဏ်ထက်ပင် စိတ်စောနေလေဟန်ရှိလေသည်။ ချိန်းထားတဲ့အချိန်က ငါးမိနစ်တောင်လိုနေသေးတာဘဲ။
ထက်မာန်ဦးသည် ဧည့်ခန်းဆီကို တန်းပြီး လျှောက်လှမ်းလာတဲ့ ထိုလူနှင့် စက္ကန့်ပိုင်းမျှ အကြည့်ချင်းဆုံမိကြသည်။ ကိုမင်းဥာဏ်မှ ကိုမင်းဥာဏ်အစစ်ပင်။ ပုဆိုးဘဲ အမြဲဝတ်နေကျ လူကို စတိုင်ပန်ဘောင်းဘီနှင့် တွေ့လိုက်ရတာမို့ ကြည့်ရအနည်းငယ်ထူးဆန်းနေပေမယ့်လည်း ခြေလှမ်းတွေကို ခပ်စိပ်စိပ်နှင့် ဖြည်းဖြည်းချင်းလှမ်းတတ်ပုံကအစ အရင်ကနှင့် တထေရာတည်း။ အနီးကပ်လာတော့ မျက်နှာသည် အသက်ကြီးလာတာနှင့်အမျှ အနည်းငယ်ပိုရင့်ကျက်သယောင် ရှိလာတာကလွဲလို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကနှင့် လုံးဝမပြောင်းလဲ။
"ကိုမင်းဥာဏ်လား။"
ထိုင်နေရာမှထကာနူတ်ဆက်တဲ့ ထိုလူသည် မင်းဥာဏ်ကို မမှတ်မိလို့ မေးတာမျိုးထက် မင်းဥာဏ်ဟုတ်သည် မဟုတ်သည်ကို အတည်ပြုလိုက်ခြင်းပင်ဖြစ်လေသည်။ အနည်းငယ်မျှ ပြုံးယောင်သန်းလိုက်ခြင်းအပေါ် ပင့်တက်သွားသော မေးဖျားမှ မှဲ့နက်လေးသည် ဒီလူသားဟာ ချွင်းချက်မရှိ ထက်မာန်ဦးဆိုတာမှန်း သိလိုက်သည်။ ကြီးလာတော့ အပြင်မှာ Facebook ပေါ်က ဓာတ်ပုံထဲကထက်ကို ထွားတာဘဲ။
YOU ARE READING
AFFECTION-နှောင်ကြိုး(နှောင်ကြိုး)
RomanceUnicode Version "နုငယ်စဉ်က ၊ သံယောဇဉ်သည် ရက်လနှစ်တို့ ၊ ရှည်ကြာပါလည်း အကွာအဝေး ၊ မိုင်ပေါင်းရာချီ ဖြတ်တောက်နိုင်ရန် ၊ မစွမ်းသာသည်။ သစ္စာနှင့်တည် ၊ မေတ္တာမှန်က ကင်းစင်ဒုက္ခ ၊ ဒီဘ၀မယ် လောကနိဗ္ဗာန် ၊ မင်းနှင့်တည်သည် ရစ်ချည်ဖွဲ့သည့် ၊...
အပိုင်း-၄၅ (Zawgyi)
Start from the beginning