အပိုင်း-၄၂ (Unicode)

Start from the beginning
                                    

"ရှစ်ခ်။"

ပင်မ နှလုံးသွေးကြောကိုထိသွားလေသလားမသိပါ။ ခုချိန်တွင်သေချာဖြဲပြီး ကြည့်လို့လည်းမရ။ ညည်းညူသံသည် အဆက်မပြတ်ပင်။

"အား..အ..။"

လည်ပင်းက သွေးခုန်နူန်းကို စမ်းကြည့်လိုက်တော့ အခြေအနေမကောင်းတော့။ မကျန်တော့တဲ့ မျှော်လင့်ချက်ကို အားတင်းထားလိုက်ရင်း စိုင်းဝေယံ အဝတ်စကို ဖိပြီး ပတ်တီးစီးဖို့ကြိုးစားလိုက်သည်။ စခန်းကိုပြန်ခေါ်သွားနိုင်ရင် မျှော်လင့်ချက်သည် တဖန် ပြန်တောက်ပလာနိုင်သည်။

"အ..။ကျွန်တော် မနေရတော့ဘူးဆိုတာ..သိတယ်..။"

စိုင်းဝေယံရဲ့လက်ကို ဆုပ်ကိုင်လာတဲ့ လက်တို့သည် တင်းကြပ်ပြီး အားပါလွန်းသည်။ စိုင်းဝေယံရဲ့ လက်တို့သည် ထိုသူရဲ့ထိန်းချူပ်မူအောက် လူပ်ရှားရခက်နေသည်။

"စိတ်ကိုတင်းထား။ရဲဘော်!"

"အ..အမေရေ..။ကျွန်တော့်ကိုလာခေါ်နေကြတယ်။"

စိုင်းဝေယံ ဖြန်းခနဲ ကြက်သီးထသွားပြီး ဘေးဘီဝဲယာကိုလှည့်ကြည့်လိုက်မိသည်။ သို့သော် ယမ်းငွေ့တွေ ဝေနေတဲ့ ပတ်ဝန်းကျင်သည် ဘာမှ သဲသဲကွဲကွဲ မမြင်ရနေ။ ထိုတပ်သားကတော့ အော်ဟစ်နေဆဲပင်ဖြစ်လေသည်။ သွေးရူးသွေးတန်းဆိုတဲ့ စကားလုံးကို မြင်ယောင်လိုက်တော့ စိုင်းဝေယံ ဆစ်ခနဲ နာကျင်သွားရသည်။

"အား..။"

စိုင်းဝေယံပွေ့ထားတဲ့ ကိုယ်လုံးသည် တောင့်တင်းလျှက် ငြိမ်ကျသွားလေသည်။ တစ်စုံတရာကိုနောက်ဆံမတင်းလေသည့်ဟန် မျက်ဝန်းတို့က ဖွင့်ဟထားလျှက်။ စိုင်းဝေယံ မျက်ဝန်းတို့ကို ပိတ်ချပေးလိုက်ပြီး သက်ပြင်းတစ်ခုကိုသာ ရှိုက်ချလိုက်မိသည်။ ထို့နောက် ယမ်းငွေ့တွေကြား တခြားနေရာကို မှန်းဆပြီး စိုင်းဝေယံ တိုးဝင်ပျောက်ကွယ်သွားလေသည်။

ကျောမှာသယ်ပိုးထားတဲ့ ဆေးအိတ်တွေသည် လေးလံလွန်းလှသည့်တိုင်၊ ကျည်ကာအကျႌရဲ့ အလေးချိန်ကြောင့် တကိုယ်လုံးသည် မြေပြင်ကြီးကျွံဝင်သွားချင်လောက်အောင် ပင်ပန်းမူတို့နှင့် လေးလံနေသော်လည်း အမိန့်မရမချင်း တာဝန်အရ ရှေ့သို့ဆက်သွားရုံသာရှိသည်။ နောက်ကို ပြန်ဆုတ်လို့မရ။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now