အပိုင်း(၁၇) မယ်တော်ကြီးမွေးနေ့ပွဲ၌ အဆိပ်ဖြင့်လုပ်ကြံခံရခြင်း

Start from the beginning
                                    

ထူးဆန်းစွာပင် ရီဟွားရင်ထဲ၌ လေးလံလာ၏။ အဘယ်ကြောင့် ထိုသို့ဖြစ်လာမှန်းကိုမူ သူ မသိပေ။

ရှင်းသည် အစကတည်းက ငှဲ့ထားသော သေရည်ခွက်အား မြှောက်ကိုင်လိုက်သည်။ ထို့နောက် နှုတ်ခမ်းနားတေ့ကာ သောက်ရန် ပြင်လိုက်သည်။ အမတ်ချုပ်ကြီးသည်လည်း ထိုနည်းတူစွာပင်။

ရုတ်တရင် အမတ်ချုပ်ကြီး၏ မျက်ဝန်းများသည် ရှင်း ကိုင်ထားသော သေရည်ခွက်အား မျက်တောင်မခတ်စိုက်ကြည့်နေပြီး မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာသောကြောင့် ရီဟွား လွန်စွာ စိုးရိမ်သွားရသည်။ သူ ကျယ်လောင်စွာ လှမ်းအော်လိုက်၏။

"ရှင်း မသောက်နဲ့"

သို့သော် သူ၏အော်သံသည် နောက်ကျသွား​သည်။ ရှင်းသည် သေရည်အား သောက်လိုက်ပြီးလေပြီ။ ရှင်း၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီးနောက် သတိလစ် မေ့မျောသွားလေတော့သည်။

ခန်းမအတွင်းရှိ လူများအားလုံးသည် စိုးရိမ်ထိတ်လန့်သွားကြသည်။ အမတ်ချုပ်ကြီးနှင့် မယ်တော်ကြီး အပါအဝင်ပင်။

သူတို့မင်းကြီးအား သုံးထားသော အဆိပ်သည် သုံးရက်ခန့်ကြာမှ ဆေးစွမ်းပြကာ ရောဂါရှာဖွေ မရဘဲ သေဆုံးမည့် အဆိပ်ဖြစ်သည်။ ယခုကဲ့သို့ လျင်မြန်စွာ ဆေးစွမ်းပြမည်ဟု မထင်ထားခဲ့။ သူတို့ စီစဉ်ထားသော အစီအစဉ်နှင့် လွဲချော်နေသည်။

ရီဟွား ရှင်းရှိရာ နေရာသို့ လျင်မြန်စွာ ပြေးသွားလိုက်ပြီး ထိုင်ခုံပေါ် လဲကျနေသော ရှင်း၏ကိုယ်အား ဆွဲထူကာ ထိုင်ခုံစွန်းတွင်ထိုင်လျက် ပွေ့ထားလိုက်မိသည်။ စိုးရိမ်ပူပန်စိတ်များဖြင့် သူ ဘာကိုမှ သတိမမူနိုင်တော့။ အကုန်လုံးသည် ထိတ်လန့်တုန်လှုပ်နေသောကြောင့် အချိန်တော်တော်ကြာ သတိမဝင်နိုင်ကြ။

ရီဟွား အခန်းထဲရှိ လူများအား အော်ဟစ်လိုက်သည်။

"ဘာလုပ်နေကြတာလဲ...ခုချက်ချင်း သမားတော်ခေါ်"

သတိဝင်သွားသော ရှောင်ကုန်းဇီသည် လျင်မြန်စွာ ခန်းမမှ ထွက်ကာ သမားတော် သွားခေါ်လေသည်။

ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)Where stories live. Discover now