EP-4

1.5K 160 83
                                    

Unicode


အေးစိမ့်မှုကိုခံစားရသော်ငြား အမှောင်ထုသာ ကြီးစိုးနေသော အမည်မသိတစ်နေရာ ။ ခြေထောက်နားက စိုစိစိ,အထိအတွေ့သည် အော်ဂလီဆန်စရာအနံ့ကို ပေးနေပေမယ့် ထိုအရာတွေထံ သူ ဂရုမစိုက်အားချေ ။

ပြေးနေတယ် ။ ပြေးနိုင်သမျှ သူ ပြေးနေမိတယ် ။ ဘာကိုမှ သဲသဲကွဲကွဲမမြင်ရတဲ့ ဒီအမှောင်ထုကြီးက အစမသိ အဆုံးလည်းမရှိတာမို့ ကြောက်ရွံ့စိတ်ကိုထုတ်ပိုးရင်း သူတက်နိုင်သလောက် အားကုန်ပြေးနေမိတယ် ။

“ မဖြစ်ဘူး ... မသွားနဲ့ ။ မသွားပါနဲ့ ”

မောဟိုက်ဖျော့တော့နေသော ထိုတားယူသံသည် သူ့နှုတ်ဖျားမှ နာနာကျင်ကျင်ထွက်အံလာခဲ့၏ ။ ပူကျစ်သွားတဲ့ ပါးပြင်ထက်မှာ မျက်ရည်စတချို့ နေရာယူနှင့်နေခဲ့ပြီး မနားတမ်းပြေးနေမိသော ခြေချောင်းတွေက စုတ်ပြတ်သတ်ကာ ဒဏ်ရာဗရပွနှင့် ။

“ မထားခဲ့ပါနဲ့ ကျွန်တော့်ကို ... ”

ငိုရှိုက်သံတွေပါဝင်နေသော ထိုတောင်းပန်သံသည် အမှောင်ထုထဲမှ မိခင်ကြားစေရန်အတွက်သာ ရည်ရွယ်ပါသည် ။ တုန်ရီလှုပ်ခါနေတဲ့ နှုတ်ခမ်းပါးတွေက အထိန်းအကွပ်ဟူ၍မရှိတော့သည့်တိုင် Taehyung , သည်စကားတွေကိုတော့ တတွင်တွင်ရေရွတ်နေမိတုန်းပဲ ... ။

“ ဟေး ဒီမှာ ”

နွေဦးလေပြည်လိုမျိုး နွေးထွေးလွန်းတဲ့ခေါ်ယူသံတစ်ခုက သူ ရှိနေတဲ့အမှောင်ထုကြီးထဲ ကျယ်ကျယ်လောင်လောင် မြည်တမ်းသွားတယ် ။ ထိုအခါ စိတ်ထဲ သိမ့်ခနဲလှုပ်ရှားသွားမှုနဲ့အတူ အရှေ့ကို အပြေးနှင်နေမိတဲ့ ခြေထောက်တွေက ရုတ်ချည်းရပ်တန့်သွားလျက် ။ အဆတ်မပြတ်ကျနေတဲ့ မျက်ရည်တွေသည် တစုံတယောက် လာရောက်သုတ်ဖယ်ပေးသလိုမျိုး ရုတ်တရတ် ခြောက်သွေ့သွားတဲ့အခါ ​ပူလောင်ပြင်းထန်နေသောစိတ်အစုံသည် အရိပ်တစ်ခုအောက် ခိုနားလိုက်ရသည့်နှယ် ။ အေးချမ်းခြင်းတချို့ ခြုံလွှမ်းသွား၏ ။

“ ဟေးး ~ ”

ဒုတိယံမ္ပိ ခေါ်သံခပ်နွေးနွေးနှင့်အတူ ပုခုံးတစ်ဖက်အား အသာကလေး လှုပ်နှိုးလိုက်လေတဲ့ တစုံတစ်ယောက် ။ ကျိန်းစပ်နေသည့် ကိုယ့်မျက်ဝန်းတို့အား မနည်း,အားယူဖွင့်မိတော့ ခပ်မြင့်မြင့်စာအုပ်စင်ကြီးတွေက ဝိုးတဝါး နေရာယူထားလေတယ် ။

Can't CloseΌπου ζουν οι ιστορίες. Ανακάλυψε τώρα