အပိုင်း ၁၀ (Z & U)

6.4K 591 10
                                    

Zawgyi

ကားထွက်လာပြီးသည်အထိ ရပ်ကြည့်နေဆဲ ကောင်မလေးကို ကားမှန်အတွင်းမှသာ လှမ်းပြီး လက်ပြလိုက်တော့သည်။ဒီကျောင်းရောက်ပြီးကတည်းက ပထမဆုံးသတိထားမိသည့် မိန်းကလေး။ဝါဖန့်ဖန့် အသားအရည်ကို ပိုင်ဆိုင်ထားပြီး ဆံပင် ညိုညိုတို့နဲ့ မျက်လုံးမျက်ဆံ နက်နက်တို့က လိုက်ဖက်နေသလို ပိပြားသပ်ရပ်တဲ့ ပန်းဆီရောင် နှုတ်ခမ်းတစ်စုံကလည်း အစဉ်အမြဲ ခပ်တင်းတင်း စေ့လျက်။

ုအတန်းဖော်တွေနဲ့လည်းရောနှောမနေတတ်သလို နောက်ဟယ်ပြောင်ဟယ်တောင် မမြင်ဖူးပေ။သူ့ကိုငေးကြည့်မိတိုင်း စာအုပ်တစ်ခုခုကိုသာ သည်းကြီးမဲကြီးဖတ်နေတတ်သည်။ဒါကြောင့်ပဲ အတန်းထဲက ဒိတ်ဒိတ်ကြဲ လူတော်စာရင်းတွင် တစ်ပြေးနေနိုင်တာ ဖြစ်မည်။မနေနိုင်စွာခိုးခိုးကြည့်မိပေမဲ့ သူကတော့ထည်ဝါကို ဖုတ်လေတဲ့ငါးပိရှိတယ်ပင်မထင်။

ရင်းနှီးအောင်ချဉ်းကပ်ချင်ပေမဲ့လည်း အနေအထိုင်တည်ကြည်လွန်းလို့ စကားလေးတစ်ခွန်းပြောဖို့ပင် အတော်ခက်ခဲ၏။ဒီကြားထဲ မေဘရဏီသော်ဇင်ရဲ့ နှုတ်ကထွက်လာသည့် စကားတချို့ကြောင့် သူ့အပေါ်ပိုပြီး စိတ်ဝင်စားလာမိသည်၊သူက အမေမရှိဘဲ အဖေနှစ်ယောက်ကို ပိုင်ဆိုင်ထားသောကောင်မလေးတဲ့လေ။ဒီလိုဆိုပြီးတော့လည်း သူ့မျက်နှာမှာအားငယ်နေတာမျိုး၊ကြောက်ရွံ့နေတာမျိုး မမြင်ဖူးခဲ့ပေ။

မေဘရဏီသော်ဇင်နဲ့ ရေလိုက်ငါးလိုက်ပြောဆိုဆက်ဆံရင်း သူ့မိသားစုရဲ့အခြေအနေကို အတော်လေးသိလာခဲ့ရသည်။သူ့ဖိုးဖိုးက မြန်မာနိုင်ငံမှာ နာမည်ကြီးသူဌေးစာရင်းဝင်ဖြစ်ပြီး သူ့ဖေဖေကတော့ လုပ်ငန်းရှင်လောကမှာမသိသူမရှိသလို ကျောင်းကိုပါ များစွာအထောက်အပံ့ပေးထားသည့်ပုဂ္ဂိုလ်တဲ့လေ။အဖေနှစ်ယောက်မှာ တစ်ယောက်ကိုသာ မြင်ဖူးသိဖူးကြပြီး တခြားတစ်ယောက်ကိုတော့ သေချာမသိကြ။

တကယ်တော့လေ သူ့ကိုမကောင်းသတင်းလွှင့်နေသူတွေက သူ့ရဲ့မိသားစုအခြေအနေ၊ပြည့်စုံမှုအပေါ်ကို မနာလိုနေတာလို့သာ ထည်ဝါမြင်သည်။ဖခင်နှစ်ယောက်ရှိနေပေမဲ့ ဘယ်အရာမှာမှ ချို့ယွင်းမနေသလို လူအများရဲ့အရှေ့မှာအမြဲရှိသည့်သူ့အရှိန်အဝါတွေကိုကြည့်ရင် သူ့ဖခင်နှစ်ယောက်ရဲ့ ပြုစုပျိုးထောင်မှုက ဘယ်လိုဆိုတာထင်ရှားနေပြီးသားပဲ။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now