ပါးစပ်ထဲက တစ်ခုကို စားပြီးတော့ ရေနွေးသောက်လိုက်သည်။ စားလို့ဝသွားပြီမို့ ပေးထားတဲ့ ပဝါနဲ့ ပါးစပ်ကို ခပ်ဖွဖွသုတ်လိုက်သည်။ ဘေးဘက်ကို ကြည့်လိုက်မိတော့ အံ့သြနေတဲ့ပုံစံနဲ့ ကျွန်တော့်ကို ကြည့်နေသော ဟိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။

"ကျွန်တော့်မျက်နှာမှာ တစ်ခုခုပေနေလို့လား။"

ကျွန်တော်လှမ်းမေးလိုက်တော့ သူကခေါင်းခါပြလေသည်။ ပြီးတော့မှ

"အရင်ဆို မနက်စာ စားရင်းနဲ့ ဘုန်းထက်ပြန်ငိုက်နေကျလေ။ ကိုကိုကပဲ တစ်ခုပြီးတစ်ခု ခွံကျွေးရတာ။ ဒီနေ့တော့ ကိုယ့်ဘာသာကိုယ် လိမ်လိမ်မာမာလေး စားပြီးတော့ ပါးစပ်ပါသုတ်နေလို့ အံ့သြမိလို့ပါ။ ကိုကို့ ကလေးလေးက လူကြီးဖြစ်နေပြီပဲ။"

ပြောပြီးတော့ လူကို ပါးလှမ်းဆွဲမလို့လုပ်တာမို့ နောက်ကိုမသိမသာရှောင်လိုက်ရသည်။ ဒါကိုပဲ သူက သဘောတကျ ရီနေကာ

"ပါးလေးဆွဲတာတောင်မကြိုက်ချင်တော့ဘူးပေါ့။ ရအောင်ကိုဆွဲဦးမှာ။ လာ...အခုလာခဲ့"

ကျွန်တော်စားပွဲက ထလိုက်ကာ ထွက်သွားဖို့ပြင်နေတာကို သူက အတင်းလိုက်ဆွဲနေတာဖြစ်သည်။ကျွန်တော့်မျက်နှာကို သူမမီအောင် ခြေဖျားထောက်ထားလိုက်တော့ ကျွန်တော့်အင်္ကျ ီစကိုဆွဲကာ ခုန်ဆွခုန်ဆွလုပ်နေလေသည်။

"စိတ်ပုပ်တယ်။ လာပါ...ဖွဖွလေးပဲ မနာအောင်ဆွဲမယ်လေ...နော်...နော်"

မျက်နှာလေးကိုမော့ကာ ပြောနေတော့ သူ့ရဲ့ထွက်သက်လေလေးက ကျွန်တော့်လည်ပင်းနားကို ကျီစယ်သွားလေသည်။

လည်ပင်းကိုထိရင်ယားတတ်တာမို့ ခြေဖျားထောက်ထားရာကနေ ယိုင်သွားလေသည်။ သူက ကျွန်တော့်ကို အတင်းဆွဲနေတာမို့ ကျွန်တော်လဲကျတော့ သူကပါ ကျွန်တော့်ကိုယ်ပေါ်ထပ်လျက်လဲကျလာလေသည်။

"အင့်...သေပါပြီ"

ကျောနှင့်ကြမ်းပြင် ထိမိကာ နာသွားရတဲ့အထဲ သူ့ကိုယ်လုံးကပါ ကိုယ့်အပေါ်ပိလာတာမို့ အင့်ကနဲတောင် အသံထွက်မိသွားရလေသည်။

"မင်းကြီးနဲ့ ကြင်ယာတော်တို့... ကျွန်တော်မျိုးမ မသိလို့ နှောင့်ယှက်မိတာပါ။ တောင်းပန်ပါတယ်။"

RestartWhere stories live. Discover now