PART 4(unicode)🌞

9.5K 1K 5
                                    


နေမင်းလည်း သူ့ဘာသာသူဝင်သွားခဲ့သလို ကျွန့်တော်ရဲ့ မျက်လုံးတွေကလည်း သူ့ဘာသာသူ မျက်ခွံတွေကို ဆွဲချလိုက်ပါတယ်။

အတော်လေးကြာသွားတော့ လူတစ်ယောက်က ကျွန်တော့်ကိုလာနိုးတယ်။
အမှောင်ထုတွေကြောင့် ရေရေရာရာမမြင်လိုက်ရပေမယ့် သူပြောတာကိုတော့ ကြားလိုက်ရတယ်။
"မင်းကို ဗိုလ်ကြီးခေါ်နေတယ်"

................

အလင်းရောင်ဆိုတာ ကောင်းကင်ကိုမော့ကြည့်မှသာ မြင်နိုင်မယ့် ဒီအမှောင်ထုထဲ တချို့စစ်သားတွေကတော့ သူတို့အလုပ်ကို သူတို့ လုပ်နေကြဆဲ...
ပင်ပန်းနေပုံပေါ်တဲ့ မျက်နှာတွေက လက်တွေမှာတော့ အားအင်လျော့မသွားကြဘူး...
‌ခြေလှမ်းတွေအောက်မှာ နိမ့်ဆင်းသွားမလား မြင့်တက်သွားမလား မသဲမကွဲမြင်နေရတဲ့ လရဲ့အလင်းရောင်ထဲ ကျွန်တော့်ကိုကျွန်တော် လဲကျမသွားအောင် ထိန်းထားရတယ်။

သို့ပေမယ့် ကျွန်တော်သွားနေတာက မီးအိမ်ငယ်လေးဆီ...
အရင်က နွားတင်းကုပ် ဒါမှမဟုတ် တခုခုအဖြစ် အသုံးပြုခဲ့ပုံပေါ်တဲ့ ဗိုလ်ကြီးရဲ့ ယာယီတဲလေးထဲက မီးအိမ်လေးဆီ...

"ဗိုလ်ကြီး ကျွန်တော့်ကိုခေါ်တယ်ဆိုလို့"

မီးရောင်မှိန်မှိန်အောက်မှာတောင် သူကတော့ မနာလိုကောင်းအောင် ကြည့်ကောင်းဆဲ...

"မနက်ဖြန်မင်းပြန်ရမယ်။ အဲ့ဒီမတိုင်ခင်အထိ မင်းငါ့အနားမှာ နေပါ မင်းဘယ်သူလဲဆိုတာ ဘယ်သူတွေသိသေးလဲ"

ကျွန်တော်တောင်မသိတဲ့ ကျွန်တော့်ကို တခြားသူကို ဘယ်လိုပြောပြရမလဲ...

"ဘယ်သူမှမသိပါဘူး"

"အေး သိလို့လဲမရဘူး မင်းဒီကသွားရင် တိတ်တဆိတ်ပဲထွက်သွားပါ အခုအချိန်မှာ ငါ့တပ်သားတွေကို အာရုံထွေပြားအောင် စိတ်ယိုင်စေမယ့် မလိုလားအပ်တာတွေမဖြစ်စေချင်ဘူး မင်း ဒါကိုနားလည်လား..."

"ဟုတ်"

..................
.
.

တဲလေးထဲက ခုံတန်းလျားလေးတစ်ခုပေါ်မှာ တခါတခါတိုက်ခတ်လာတတ်တဲ့ လေအေး... အညာစောင်အောက်မှာ ပုန်းကွယ်နေတဲ့ ဂျပိုးနဲ့... ခရီးရှည်တလျှောက် အမှတ်တရအဖြစ် သယ်ဆောင်လာတဲ့ ဖုန်မှုန့်တွေ... ဘယ်ဘက်လက်ကို ခေါင်းအုံးအဖြစ်ပြောင်းလဲယူခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ အိပ်ရခက်တဲ့ည...။

နောက်ဆုံးမှာတော့ အတင်းအိပ်ဖို့ ကြိုးစားနေတဲ့ စိတ်ကို အရှုံးပေးလိုက်ရတယ်။ ကျွန်တော်ထထိုင်လိုက်တယ်။ မျက်ဝန်းညိုညိုတစ်စုံက ပြာယာခတ်နေတဲ့ ကျွန်တော့်ကို ရှာတွေ့သွားတယ်။

"မင်းမအိပ်ချင်ရင် ဒီဘက်မှာလာထိုင်"
တဲအပြင်ဘက်နားမှာမှီပြီး ထိုင်နေရင်း သူကျွန်တော့်ကို လှမ်းပြောတယ်။

ကျွန်တော့်အတွက်လည်း ထိုင်ပြီးမနက်ဖြန်ကိုစောင့်ရခြင်းက ပိုကောင်းမယ် ထင်တယ်။ ကျွန်တော် သူ့ဘေးမှာ သွားထိုင်လိုက်တယ်။

"အရက်သောက်မလား..."
သူ့လေသံတွေက ညနေကထက် အနည်းငယ် ပျော့ပျောင်းလျက်...

"ကျွန်တော်မသောက်တတ်ဘူး"

လေဝှေ့အေးအေးလေးတစ်ချက်က တစ်ကိုက်အကွာလောက်ရှိတဲ့ ကွှန်တော်တို့ကြား ဆိတ်ငြိမ်ခြင်းတို့ကို 'ခတ္တ' သယ်ဆောင်လာတယ်။
မီးသေခါစ ပြုနေတဲ့ ထင်းတွေနဲ့ တိတ်ဆိတ်နေတဲ့ လူနှစ်ယောက်...
နောက်တော့ ညင်သာတဲ့လေပြေတွေကြားထဲ ကျွန်တော်ပဲအားယူလိုက်တယ်။
"ကျွန်တော်ဘယ်သူမှန်း ဗိုလ်ကြီးဘယ်လိုသိတာလဲ"

"မင်းဦးလေးငါ့ကို ကြေးနန်းနဲ့အကြောင်းကြားလိုက်တာ ဒါနဲ့ မင်းက မင်းအစ်ကိုအစား ဘာလို့အယောင်ဆောင်ပြီး ဝင်လာရတာလဲ မင်းအစ်ကိုဆုံးသွားတာ ငါမသိလိုက်ဘူး။ မင်းဦးလေးကတော့ လူမှားပြီးခေါ်သွားကြတာ ပြောတာပဲ ဒါဆိုလည်း မင်းပြောပြသင့်တယ်မဟုတ်ဘူးလား"
ဒေါသသံခပ်တိုးတိုးထဲမှာ ရင်းနှီးမှုတွေပါဝင်နေတယ်။

"ကျွန်တော်တောင်းပန်ပါတယ်"

အစ်ကို ဆိုတာဘယ်သူလဲ... သူကဆုံးသွားပြီလား ကျွန်တော်ဟာ ဒီအချိန်ဟောင်းတွေထဲ မိသားစုတစ်ခု ဘဝတစ်ခုနဲ့ တည်ရှိခဲ့တာလား...
ကျွန်တော့်အတွက်အရာအားလုံးဟာ တဝက်တပြက်အပိုင်းအစတွေပေမယ့် အဲဒီထဲက သူ့ကို သိချင်မိတယ်... သူကဘယ်အပိုင်းအစတွေထဲမှာလဲ...
ရင်းနှီးနေတဲ့ အငွေ့အသက်တွေကို ခံစားမိနေတဲ့ နှလုံးသားဘက်အခြမ်းက တောင်းတမှု...

I'll Be There In 1945... [completed]Where stories live. Discover now