အပိုင်း - ၃၄ ( Zawgyi + Unicode )

19.2K 2.2K 83
                                    

#For Zawgyi

နောက်တစ်နေ့ မနက်စောစောမှာ လုပ်နေကျအတိုင်း အသာ့ထံ  Morning baby ဆိုပြီး message ပို့လိုက်ပေမယ့် reply က ပြန်မလာ ။ ဒါပေမယ့်လည်း မနိုးသေးလို့ဖြစ်မှာပါဟုပဲထင်ကာ တစ်ခြား မတွေးမိပေ ။ မနက် ၈ နာရီလောက်ကျမှ လင်းလင်းက သူ့ထံ အမောတကော ဖုန်းဆက်လာကာ

" ကိုဆက်ရေ လုပ်ပါဦး ၊ သာသာ မရှိတော့ဘူး "

ရုတ်တရက်မို့ သူ့မှာ လင်းလင်းပြောတာကို နားမလည် ။

" ဟင် အသာက ဘယ်သွားလို့လဲ "

" အိမ်ကထွက်သွားတာ ၊ အိမ်ကနေ အပြီးထွက်သွားတာလို့.... "

" ဘာ....!!!!! "

ကမ္ဘာလောကကြီးတစ်ခုလုံး ချာချာလည်သွားသလိုပင် ။

ဒါ ဘယ်လို အခြေအနေကြီးလဲ ။ဘာတွေက ဘယ်လို ဖြစ်ကုန်တာတဲ့လဲ ။

သူ့စိတ်အစဉ်က ဆောက်တည်ရာမရဖြစ်ကာ ဘာကိုမှလည်း သေသေချာချာ မတွေးတောနိုင်တော့ချေ ။

" အဲ့ဒါ သာသာ ဘာကြောင့် ဒီလိုလုပ်သွားတာလဲဆိုတာ ကိုဆက်များ သိမလားလို့ လင်းက လှမ်းမေးကြည့်တာ ၊ အိမ်မှာလည်း ဖေဖေနဲ့မေမေက ခေါင်းမီးတောက်နေပြီ ၊ မေမေဆို တငိုငိုနဲ့ မူးလဲမလိုတောင်ဖြစ်လို့ "

" အိမ်က...အိမ်က ထွက်သွားတာ သေချာလို့လားဟာ "

" သေချာတယ် ကိုဆက် ၊ ထမင်းစားပွဲပေါ်မှာ စာရေးပြီးထားခဲ့တာ "

ပြောရင်းနှင့် လင်းလင်းက ငိုပါလေတော့သည် ။ လင်းလင်းငိုသံကြောင့် သူ့စိတ်တွေဟာလည်း ပိုပြီးခြောက်ခြားလာရ၏ ။

ဟင့်အင်းနော်...ကလေးလေး ။
ကိုယ် မင်းကို အဆုံးရှုံးမခံနိုင်ဘူးနော် ။
မင်း အဲ့လို လုပ်သွားလို့ မရဘူး ။

" ငါ အိမ်ကို လာခဲ့မယ် လင်းလင်း ၊ အသာရေးခဲ့တဲ့စာကို ငါ ဖတ်ကြည့်ချင်တယ် ၊ ပြီးတော့ ငါ့မှာ...ငါ့မှာ ပြောစရာတွေလည်း ရှိတယ် "

ဆေးရုံကို ကမန်းကတန်း ခွင့်လှမ်းတင်ကာ အသာတို့အိမ်သို့ ကမူးရှူးတိုးပင် လိုက်လာမိတော့သည် ။ ဧည့်ခန်းထဲဝင်လိုက်တော့ ဘွားဘွားနှင့်အန်တီခင်လည်း ရောက်နေကြသည် ။ အန်ကယ်ကတော့ ခေါင်းငိုက်စိုက်ချလျက် ထိုင်နေပြီး အန်တီနှင့်လင်းလင်းကတော့ ငိုနေကြသည် ။ သူ့ကို မြင်တော့ လင်းလင်းက ဟော ကိုဆက် လာပြီဟုဆိုကာ သူ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ချင်းမှာတင် အသာ့လက်ရေးနှင့် စာကို သူ့လက်ထဲ ထည့်ပေးလာသည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now