ဇာတ်သိမ်း

116 10 4
                                    

နိဂုံး
****
သိုး သီဟလက်တို့ကို အသာဖယ်ကာ ထလိုက်သည်။ အိပ်ဆေးအရှိန်ဖြင့် သီဟ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သူ သီဟပါးကို ဖွဖွလေး နမ်းမိသည်။ နမ်းနေတုန်း သူ့မျက်ရည်တစ်စက် သီဟ မျက်နှာပေါ်သို့ ကြွေကျသွားသည်။ သီဟ နိုးမည်စိုး၍ မျက်ရည်တို့ကို ခပ်မြန်မြန် သုတ်ပစ်လိုက်သည်။ သူ သီဟကို တစ်ဝကြီး ကြည့်ချင်သေးသည်။ သူ သီဟကို ထိုင်ကြည့်ရင်း ရှိုက်ငိုနေမိသည်။

သိုး၏ဘ၀တွင် ဒုက္ခဆူးများ အကြိမ်ကြိမ် စူးနစ်စိုက်၀င်နေခဲ့ဖူးသည်။ ယခုလည်း ဆူးဒဏ်များက နက်နက်နဲနဲ ပြင်းပြင်းရှရှ နာကျင်နေတုန်းပင်။
အကယ်၍ အချို့သောဆူးများက နှုတ်ပယ်ခွင့်ရှိလျှင်တော့ သိုး ဘယ်လိုဆူးကို ဖယ်ရှားပစ်ချင်လေမလဲ။
မိဘမဲ့ခြင်းလား.....
ဆင်းရဲခြင်း .....
နိမ့်ချခွဲခြားဆက်ဆံခံရခြင်းလား ....
Gayဖြစ်နေခြင်းလား ........
မချစ်သင့်သူကို ချစ်မိခြင်းလား .......
ချစ်ရသူရဲ့ တုန့်ပြန်အချစ်ကိုလား ......။

ဟိုတစ်ချိန်ကတော့ ချစ်ရသူဆီက တုန့်ပြန်အချစ်ကို အသည်းအသန် မျှော်လင့်ခဲ့ဖူးသည်။ တကယ်ရလိုက်ချိန်မှာ သိုး မပျော်နိုင်တော့ပြန်။ ထိုအချစ်ဆူးက ချစ်သူနှစ်ဦးကို အဆိပ်သင့်စေလိမ့်မည်။ ချစ်ခြင်းကို ရခြင်းမရခြင်းထက် ဆိုးရွားသောအခြေအနေတို့ ရှိနေမှန်းသိလျှင် သိုးကို မချစ်ပါနှင့်ဟုသာ တားမြစ်လိုက်ချင်သည်။

       *******************--*********

"သိုး......မသွားနဲ့"
သီဟ အိပ်မက်ဆိုးက လန့်နိုးလာသည်။ သိုး သူ့ဘေးတွင် မရှိပေ။ ဘေးဘီကို ကြည့်ပြန်တော့မတွေ့။ သန့်စင်ခန်းတွင်လည်း မတွေ့ပေ။ သူ စိတ်ပူလာသည်။ အခန်းပြင်ထွက်လာသည်။ သိုးကိုမတွေ့ပေ။ သူ လျှောက်လမ်းအတိုင်း ဆက်ရှာနေမိသည်။ ဆေးရုံအဆောက်အဦအဝင်ဝတွင် လူရိပ်တွေ့ကာ အမောတကြီး လိုက်ရှာမိသည်။

သိုး သီဟ လိုက်လာသည်ကို မြင်ကာ အဝင်ဝနားက သစ်ပင်အကွယ်တွင် ပုန်းလိုက်သည်။ သူ့ကို မြင်၍မဖြစ်ပေ။ လေးလေး၏ ဆန္ဒကို သူသိသည်။

"သိုး ပြန်လာနော်။ ငါ့ကို မနောက်ပါနဲ့ကွာ"
သီဟ အသံကို သူကြားသည်။ ဟင့်အင့် လာလို့ မဖြစ်ဘူး သီဟ။ သူရ ကြေကွဲရလိမ့်မယ့်။ သူရက မင်းကို သိပ်ချစ်တာ သီဟရဲ့။
"သိုး ပြန်လာပါကွာ။ မင်း ဒီနားမှာရှိတယ်မဟုတ်လား။ ငါ ခေါ်နေတယ်လေ ပြန်လာပါကွာနော်။ ငါ မင်းကို မခိုင်းတော့ပါဘူးကွာနော်။"
သိုး မျက်ရည်များ အထိန်းမကွပ်မရှိ ကျလာသည်။ မလာဘူး သီဟရယ်။ မင်းအဖေက ငါ့ကျေးဇူးရှင်လေ။ မင်းအဖေက မင်းနဲ့ငါ့ကို သဘောမတူတာ ငါသိတယ်။ သူသားက လိင်တူချစ်သူဆိုတာ သူ ဘယ်လက်ခံချင်မလဲ။ ငါ နားလည်တယ်။

"သိုး ပြန်လာနော်။ သိုး ပြန်လာပါကွာ။ ငါ့ကို မသနားဘူးလား။"
"သီဟအသံက ဟိန်းထွက်နေသည်။ ပြန်မလာပါရစေနဲ့ကွာ။ အဲဒါက သီဟကို သနားလို့ပါ။ သူချစ်သော သီဟကို လူတကာ လက်မခံသော လိင်တူချစ်သူ မဖြစ်စေလိုပဲ။ သူ့ချစ်သူကို လူများ မျက်စောင်းထိုးလျှင်ပင် သူ မခံစားနိုင်ပေ။ အနှိမ်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ ဘေးဖယ်ချန်လှပ်ထားခံရခြင်းတို့က မည်မျှ ဆိုးသွမ်းသည်ကို သူ ကောင်းကောင်းကြီး နားလည်သည်။ ထို့ကြောင့် လူအများ ကဲ့ရဲ့မည့်လိင်တူချစ်သူ အဖြစ်ကို သူ့ကြောင့် မရောက်စေလိုပေ။ အကယ်၍ ဖြစ်ခဲ့လျှင်တောင် အရာရာပြည့်စုံသော သူရနှင့်သာ ဖြစ်သင့်သည်။ သိုးသည် ချစ်သူ၏ ဘ၀ကို အောက်သို့ ဆွဲချသူ မဖြစ်ရပေ။ သိုးကြောင့် ချစ်သူ တစ်စုံတစ်ရာ ဘေးမသင့်စေရ။ ဒါက သူ့အချစ်ပင် ဖြစ်သည်။
"သိုး......"
သီဟ အသံ တဖြည်းဖြည်းတိုးတိမ်ဝင်လာသည်။ သူ ရင်များ အဆမတန်ခုန်လှုပ်ကာ ဆို့ကြပ်လာသည်။ ဝေဒနာတို့ကို အဆုံးသတ်ချင်သည်။ ဆက်မခေါ်ပါနဲ့ သီဟရယ်။ ငါ ခံနိုင်ရည် မရှိလို့ပါ။ ငါ မထူးမိအောင်ထိန်းရတာ သေမလောက် ပင်ပန်းလို့ပါကွာ။
"သိုး...... ပြန်လာပါကွာ။ မင်းမရှိရင် ငါသေမှာ...သိုး"
သူ နားတို့ကို ပိတ်ထားလိုက်သည်။ သို့သော် အသံများက သူ့နှလုံးသားထဲမှ လာသလိုပင် ပျောက်ပျက်မသွားဘဲ ကျယ်လောင်မြည်ဟည်းနေသည်။ ထိုစဉ် ဆေးရုံဝန်ထမ်းများ သီဟကို ခေါ်သွားကြသည်။ သီဟတော့ ရုန်းရင်းကန်ရင်းနှင့်ပင် သူ့ကို တစ်ကြော်ကြော် ခေါ်မြဲပင်။
သီဟ သူနှင့် ဝေးသွားသည်။ သီဟ အသံဝါးသွားသည်။ သူ မခံစားနိုင်တော့ပေ။ သီဟအသံ မပျောက်မီ သူ ထူးမိလိမ့်မည်။ မဟုတ်လျှင် သူ လှမ်းခေါ်မိတော့မည်။ အံကိုကြိတ်ထားရင်းကပင် ရင်ဘတ်က ဗလောင်ဆူက နှုတ်တို့က အော်ဟစ်ပစ်ချင်ပြီ။

နောက်ဆုံးတော့ သူအမြဲဆောင်ထားသော သီဟရဲ့ လက်ကိုင်ပဝါလေးကို ပါးစပ်တွင် ပိတ်ဆို့ထားလိုက်သည်။ အသံတို့က ဝါးလားသလား။ သူ့အကြားအာရုံများ ဝါးလာသလားမသ်ိ။ ပုံရိပ်တွေဝေးသွားတာလား သူ့အမြင်အာရုံဝါးသွားတာလား သူ မသိပေ။ သူ သိနေတာက သူ ရင်ဘတ်များ ကွဲထွက်မတတ် နာကျင်နေသည်၊ သူ့တစ်ကိုယ်လုံး တုန်ခါနေအောင် သူငိုနေသည်။ "ကျတော့်ရင်ဘတ်ထဲတွင် ဆူးတစ်ချောင်း တစ်ဆုံး နစ်ဝင်ထိုးစိုက်နေသည်။ ဆူးထွင်းပေးလှည့်ကြပါဗျာ။" လို့ အော်ဟစ် လိုက်ချင်ပေမယ့် ဆူးဒဏ်ရာက နက်သထက်နက်လာသည်။ တစ်ချို့သော အချစ်တို့သည် အဆိပ်ပြင်းသော ဆူးသာ ဖြစ်သည်ဟု နားလိုက်ချိန်တွင် သူ .........
                           သက်တန့်ချစ်သူ

🎉 You've finished reading ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ} 🎉
         ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ}Where stories live. Discover now