ဆူးထွင်းလှည့်ပါ (၁)

249 9 2
                                    

သိုး ငါ မင်းကို ချစ်တယ်။ ငါ့အချစ်ကို လက်ခံပေးပါ။"
ရှေ့တည့်တည့်တွင် မတ်တပ်ရပ်နေသောသီဟရဲ့ စကားကြောင့် သိုး အရှက်သည်းစွာ ခေါင်းကို ငုံ့ချလိုက်သည်။သိုစရဲ့နှလုံးသားတစ်ခုလုံး ပြုတ်ထွက်တော့မည့်အလား လှုပ်ခုန်လာကာ ရင်ခုန်သံများ ဝုန်းဒိုင်းကြဲလို့နေသည်။ ခြေထောက်နှင့်မြေကြီးတို့ မထိဘဲ လေဟာနယ်ထဲ လွှင့်မျှောနေသလိုပင်။ တစ်သက်လုံး မရနိုင်တော့ဟု ယူဆခဲ့ပေမယ့် မျှော်လင့်စောင့်စားနေခဲ့မိသော ထိုစကားကို သီဟထံမှ သိုး ကြားခဲ့ရပြီ။
"သိုး ငါ ပြောတာကြာလား။ ငါ့ကို တစ်ခုခု ပြန်ပြောလေ။ မင်း ငါ့ကို ချစ်နေတယ် မဟုတ်လား။ ငါ့ကို အခုပဲ အဖြေပြန်ပေး။"
သီဟရဲ့ စကားကြောင့် သိုး ပျော်ရွှင်မှုများ ဝေဝါးလာသည်။ "မင်း ငါ့ကို ချစ်နေတာ မဟုတ်လားတဲ့။" ပြောပုံက သေချာလွန်းလှသည်။ ပြီးတော့ အခုပဲ အဖြေပေးရမည်တဲ့။ သိုး စိတ်ထဲ တစ်ခုခု လွဲနေပြီဟု ယူဆကာ ဇဝေဇဝါဖြင့် သီဟကို မော့ကြည့်လိုက်ချိန်မှာ လွန်စွာ အံ့သြသွားသည်။ ဟင့်အင်း "ချစ်သူ တစ်ယောက်ကို ချစ်ခွင့်ပန်နေသော ယောက်ျားတစ်ယောက်၏ မျက်နှာမှာ ထိုကဲ့သို့ အေးစက်မနေသင့်ဘူးလေ။" ဟု အော်ဟစ်ကာ ပြောလိုက်လျင်သည်။ ထို့အပြင် သိုး သေချာကြည့်လိုက်မှ သီဟရဲ့မျက်လုံးများက သူ့ကို ကြည့်မနေမှန်း သိသာသည်။ သူ နောက်လှည့် ကြည့်မိသည်။
"ဟင် သူရ"
စောစောကမှ လှုပ်ရှားနေခဲ့သော သိုးနှလုံးသားက ရုတ်ချည်း ရပ်တန့်အေးခဲသွားသည်။ ထို့နောက် အဆိပ်သင့် သေဆုံးသွားသည်။ သူ့နောက်မှာ သူရက သီဟကို အံ့သြတကြီးကြည့်နေသည်။ သူရရဲ့ အချစ်ကို ရရန်အတွက် သူ့အချစ်ကို သီဟ ခုတုံးလုပ်တာလား။ သူရကို အရွဲ့တိုက်ရန် သူ့ကို ချစ်တယ်လို့ ပြောနေတာလား။ တစ်ခုခုတော့ သေချာသည်။ သီဟ အစတည်းက သူ့ကို စိတ်မဝင်စားခဲ့ပေ။ သူရကိုသာ အမြဲအလေးထား ဆက်ဆံလေ့ရှိသည်။ ဟာ သီဟက သူရကို ချစ်နေတာ သူလည်း ရိပ်မိနေတာပဲ။ သူ ချစ်နေတာကိုရော သီဟ ရိပ်မိနေခဲ့တာလား။ ရိပ်မိရင် သူ့အပေါ် ထိုသို့ မလုပ်သင့်ပေ။ သီဟ၏ရက်စက်မှုက စူးတစ်ချောင်းအဖြင့် သူ့ရင်ဘတ်ထဲ စိုက်ဝင်လာခဲ့သည်။
သိုးရဲ့ စူးစမ်းသော အကြည့်ကြောင့် သူရ ဖျတ်ခနဲ မျက်လွှာချလိုက်သည်။ ထိုးထွက်လာသော မခံချင်စိတ်နဲ့အတူ ငိုချင်စိတ်တို့ကို မနည်း ထိန်းချုပ်ထားရသည်။ သီဟကို ဆုံးရှုံးလိုက်ရပြီဟူသော စိတ်က သူ့နှလုံးသားကို လက်ဖြင့် ဖျစ်ညှစ်ဆုပ်ကိုင်ထားသလို တင်းကြပ် နာကျင်လွန်းလှသည်။ သီဟ သူ့ကို ချစ်နေသည်ဟူသော ယုံကြည်ချက်က အပိုင်းပိုင်းကြေမွသွားပြီ ဖြစ်သည်။ ကိုယ်ချစ်နေတဲ့သူက တစ်ခြားတစ်ယောက်ကို ရွေးချယ်လိုက်သော အခါ ကြေကွဲဝမ်းနည်းကြသည်မှာ မထူးဆန်းပေ။ သို့သော် ခံစားချက်ခြင်း ထပ်တူကျမည်တော့ မဟုတ်ပေ။ သူကတော့ ပို၍ ခံစားရသည်။ သီဟ ရွေးခဲ့သူမှာ သူ့ထက် အစစအရာရာ နှိမ့်ကျသူ ဖြစ်သည်။
သူ့မာနအတွက်
သူ့အတ္တအတွက်
သူ့အချစ်အတွက်၊ အရာတော်တော်များများအတွက် သူ ရှုံးနိမ့်နေရသလို ခံစားနေရသည်။ ထိုအရှုံးများသည် သူ့ရင်ဘတ်ထဲသို့ ဆူးချွန်ဖြင့် ထိုးစွသလို နာကျင်လှသည်။
အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး ဟူသောစကားကို သီဟ အရမ်းနှစ်ခြိုက်သည်။ အချစ်နှင့်စစ်တွင်သာမက သူလိုတာရဖို့အတွက်ဆိုလျှင် အရာရာတိုင်းက သူ့အတွက် တရားသည်။ လူသည် မိမိကိုယ်ကို အချစ်ဆုံး သတ္တဝါ ဖြစ်သည်။ သူချစ်သော သူရအချစ်ကို ရဖို့ သူဟာ gayဖြစ်ကြောင်း သူရ သိရန်လိုသည်။ သူရ၏ မခံချင်စိတ်ကို နှိုးဆွရန်လည်း လိုသည်။ ထို့ကြောင် သူ့ကိုချစ်နေသော သိုးကို သူ အသုံးချရမည်။ သူ့မှာ အတ္တမှာ ဆူးများအဖြင့် တစ်ပါးသူ၏ ရင်ကို ထိုးစိုက်နေသည်ကိုတော့ သူ မသိလိုပေ။
အခန်း ( ၁ )
"မနက်ခင်းလေး အိပ်ယာနိုးရင် xxx သူ့အပြုံးလေးနဲ့အတူ နိုးချင် xxxx အလှဆုံးပဲ မင်းကို ငေးကြည့်ချင် xxxxx ........."
"ချောက်"
သီဟ မျက်စိတို့ကို မဖွင့်ဘဲ ဖုန်းရှိမည့်နေရာကို ညာလက်ဖြင့်စမ်းကာ နှိုးစက်သံကို ကြိုးစား၍ ပိတ်လိုက်သည်။ သူ ထရန်မလိုပေ။ ခဏကြာလျှင် သိုး ရောက်လာကာ သူ့ကို နှိုးလိမ့်မည်။ သူ အိပ်ရေးမဝလျှင် သိုးရဲ့ ပေါင်ပေါ်တွင် ဆက်၍ အိပ်ချင် အိပ်နေလိမ့်မည်။ ကျောင်းချိန်နီးလာလျှင် သိုးက သူ့ကို အတင်းနှိုးကာ ရေချိုးခန်း လိုက်ပို့လိမ့်မည်။ သူ မျက်နှာသစ်တုန်း သိုးက သူ့အိမ်ယာကို သိမ်းပေးလိမ့်မည်။ သူဝတ်ဖို့ အဝတ်များကိုပါ အရံသင့်ထုတ်ပေးထားလိမ့်မည်။ သူ လွယ်အိတ်ကိုလည်း အချိန်ဇယားနှင့်တိုက်ကာ စာအုပ်များကို ထည့်ပေးလိမ့်မည်။ မနက်စာ စားပြီးလျှင်လည်း သူ့ဆိုင်ကယ်ကို သိုးကမောင်းမည်။ သူက နောက်က လိုက်မည် ဖြစ်သည်။ ကဲ ဘယ်လောက်အဆင်ပြေလိုက်လဲ။
"မနက်ခင်းလေး အိပ်ယာနိုးရင် xxx သူ့အပြုံးလေးနဲ့အတူ နိုးချင် xxxx အလှဆုံးပဲ မင်းကို ငေးကြည့်ချင် xxxxx ........."
ဟာ ရှစ်နာရီထိုးနေပြီး။ သိုးက မလာသေးပါလား။ နှိုးစက်တွေသာ တစ်နာရီခြား ချထားသည်။ လူက ရောက်မလာပေ။ သိုး နေမကောင်း၍လား။ အတွေးများကြောင့် အိပ်မပျော်သဖြင့် အိပ်ရေးက မဝချင်ပေ။ ထို့ကြောင့် ဆက်အိပ်နေလိုက်သည်။
"မနက်ခင်းလေး အိပ်ယာနိုးရင် xxx သူ့အပြုံးလေးနဲ့အတူ နိုးချင် xxxx အလှဆုံးပဲ မင်းကို ငေးကြည့်ချင် xxxxx ........."
ဟာ ရှစ်နာရီခွဲတဲ့။ နာရီဝက်ခြားပါလား။ သူ မထမချင်း နာရီဝက်ကနေ ၁၅မိနစ်၊ ၁၅မိနစ်ကနေ ၁၀မိနစ် အထပ်ထပ် နိုးစက်ပေးထားမည်ကို သူသိကာ ထလိုက်သည်။ သိုးသည် ထိုးကဲ့သို့ နှောင့်ယှက်တတ်သူ ဖြစ်သည်။ ကျောင်းစောစောရောက်တော့လည်း သူရကို စောစော မြင်ရတာပေါ့။ သူရရဲ့မျက်နှာကို မြင်ရရင်ဖြင့် သူ့မနက်ခင်းက သာယာနေဦးမည်။
*****************************
"ဟာ သိုး။ သစ္စာဖောက်ကောင်။ ငါ့ကိုကျ လာမခေါ်ဘဲ မင်းကျ အစောကြီးလာတယ်ပေါ့။ "
သူ့ အပြောကို သိုးက ဘာမှ မသိသလို ဘာမှမဖြစ်သလို နှုတ်ဆိတ်နေသည်။ သီဟ စိတ်နည်းနည်း တိုချင်လာသည်။ သိုးသည် တစ်ခါတရံ ထိုကဲ့သို့ မထုံတတ်တေး ဖြစ်နေတတ်သည်။ သူ အသံမြှင့်ကာ အော်ပြော လိုက်သည်။
"ဟေ့ကောင် သိုး။ ငါပြောတာကြားလား။ ငါ့ကို ဘာလို့ လာမခေါ်တာလဲ။"
စိတ်မရှည်စွာနဲ့ စောင့်စောင့်အောင့်အောင့်မေးနေသော သီဟကို စိတ်ပျက်လက်ပျက် ကြည့်နေမိသည်။ သူ စိတ်ကို ဆွဲဆန့်ကာ လေပြေလေး ထိုးလိုက်သည်။
"ငါ မနက်ဘက် ကျောင်းမလာခင် guide သင်နေလို့ကွ။ မင်းအဆင်ပြေအောင် နှိုးစက်ချထားတာပဲ။ ခုလည်း ကျောင်းရောက်နေပြီပဲကွာ။ ရစ်မနေနဲ့။"
"ဟာ ရစ်နေတာ မဟုတ်ဘူးလေ။ မင်း ကြိုပြောထားသင့်တာပေါ့ကွ။ အစက မင်းလာခေါ်နေကျလေ။ ကျောင်းနောက်ကျရင် မင်းကြောင့်ပဲ။ "
သိုးက တစ်ခါတရံ ထိုသို့ အလိုက်မသိသူ ဖြစ်ပြန်သည်။ စကားကိုလည်း လွယ်လွယ်လေး ပြောတတ်သေးသည်။ လွန်စွာ စိတ်ပျက်ဖွယ်ကောင်းသော သိုးပင်ဖြစ်သည်ဟု သီဟ မှတ်ချက်ချမိသည်။ ဒီမနက်တော့ သိုးကို သူ ရန်ရှာချင်နေသည်။
"ငါ ပြောပြတော့ရော မင်းက စိတ်ဝင်စားလို့လား။ မင်း ကျောင်းပျက်လည်း ငါပဲ စာကူးပေးနေကျပဲ။ အပိုတွေ ပြောမနေနဲ့ သီဟ။"
ကြည့် ဒီမနက် သိုးလည်း သူ့ကို ရန်စကားချည်း ပြန်ပြောနေသည်။ သိုး အလုပ်ရတော့ အချိုးပြောင်းနေပြီ။ အရင်က သူနှင့်သူရကို အောက်ကျို့ဆက်ဆံနေကျ။ ခုမှ စိတ်ကြီးဝင်နေသည်။
"သိုး မင်းက မင်းလုပ်ပေးရတာကို ဂုဏ်ဖော်နေတာလား။ မလုပ်ပေးချင်လည်းနေ။ လာပြီး အကြောကြီးနဲ့ မပြောနဲ့ကွ။ မင်း အချိုးတွေ ပြင်ထား။"
ဒီမနက် စိတ်မကြည်ရသည့်အထဲ သီဟနှင့် သိုးကလည်း တစ်မှောင့်။ သူ့ကို အလယ်မှာထားပြီး ရန်ဖြစ်နေကြသည်။ သူတို့ ဘာတွေအဆင်မပြေ ဖြစ်နေလဲဟု သူရ သိချင်မိသည်။ သီဟကလည်း ခါတိုင်းထက် ပို၍ စိတ်ဆတ်နေသည်။
"ဟာအား။ လူ၏ အကြိုက် ဆယ်ခါလိုလည်း မလိုက်တစ်ခါ ရှိသည့်ခါဝယ်။ ကြီးစွာရန်သူ စွဲမှတ်ယူ၏ တဲ့။ မှန်လိုက်လေပဲ။ မင်းအချိုးသာ အရင်ပြင်ထားလိုက် ဟေ့ကောင်။ ငါက ပုံမှန်ပဲ။ မင်း မကျေနပ်ရင် မပတ်သက်ရုံပဲ။"
ဟာ ဒီနှစ်ကောင် ဘယ်လိုဖြစ်နေသည် မသိ။ အပျက်ပျက်နှင့် နှာခေါင်း သွေးထွက်တော့မည်ကို သိ၍ သူရ ဝင်တားလိုက်သည်။
"မင်းတို့တွေ ဘာဖြစ်နေကြတာလဲ။ သူငယ်ချင်း အချင်းချင်းတွေလေ။ ရန်သူတွေ မဟုတ်ဘူး။ ပြီးတော့ မက်းတို့က သာမန် သူငယ်ချင်း မဟုတ်ဘူးလေ။ ဟိုလို ..."
တစ်ခြားအတန်းဖော်တွေ မကြားစေလိုသလို ထိုစကားကို ပြောထွက်ဖို့မပြောနှင့် စိတ်ထဲတွင် လက်ခံထားရသည်ကိုပင် အင်မတန်မှ ခါးသီး လွန်းလှသည်။ သူငယ်ချင်း သုံးယောက်ရှိသည့်အနက် ကျန်ရစ်သူမှာ သူတဲ့။ အမှန်ဆို သိုးထက် ရုပ်ရည်၊ ငွေကြေး၊ အသိုင်းအဝိုင်း အစစသာပါလျက်နှင့် သီဟက သူ့ကိုမချစ်ဘဲ လက်သာရာ လိုက်သွားသည်။
"သူရ မင်း အဲဒီစကားကို နောက်တစ်ခါ ထပ်မပြောမိစေနဲ့။ ဒီလိုကောင်နဲ့ တစ်သက်လုံး ဒီလို ဖြစ်စရာအကြောင်းမရှိဘူးဆို မင်းမြဲမြဲမှတ်ထား။"
သိုးရဲ့ စကားကြောင့် သီဟ ရုတ်တရက် အံ့သြသွားမိသည်။ သိုးကို သူ မနေ့က ချစ်ခွင့်ပန်သော စကားကို သူရကကြား၍ပြောသည်ကို သိုးက ခါးခါးသီးသီး ဖြစ်၍နေသည်။ သိုး ဘာတွေ ပေါက်ကွဲနေပါလိမ့်။ သူ အချစ်ကို ရပြီဟူ၍များ ဘဝင်မြင့်သွားလေသလား။ ဒီလိုကောင်နဲ့ ဒီလိုဖြစ်စရာ အကြောင်းမရှိဘူးတဲ့။ ဟာ စော်ကားလိုက်သည့် ဖြစ်ခြင်း။ သူ မခံမရပ်နိုင်တဲ့အဆုံး အမှန်တရားတို့ ပွင့်အန်လာကုန်သည်။
"မင်းကပဲ ပြောရတယ်ရှိသေးတယ်။ မင်းကိုယ်မင်း သိပ်အထင်ကြီးမသွားနဲ့။ ငါ့က မင်းကို ချစ်လို့ ပြောခဲ့တာ မဟုတ်ဘူး။ မင်း ငါ့ကို ချစ်နေတာကို ငါက သနားလို့ကွ။ မင်းလိုကောင်ကိုလည်း ငါက ချစ်ဖို့ နေနေသာသာ သူငယ်ချင်းအနေနဲ့တောင် ကြိတ်မှိတ်သည်းခံ ပေါင်းနေရတာ။"
အရှိုက်ကို မှန်သည်ဆိုသောစကားကို ကြားဖူးနေပေမယ့် ဒီလောက်ဆိုးဝါး ပြင်းထန်သော ခံစားချက်မျိုး ဖြစ်လိမ့်မည်ဟု မထက်ခဲ့ပေ။ သိုး အရမ်းကို ရှက်သည်။ သူတို့က သိုးကို သနား၍ ကြိတ်မှိတ်ပေါင်းနေကြသည်ပေါ့။ ဒါ့အပြင် သီဟကလည်း မချစ်ဘဲနှင့် ကစားဖို့ အသုံးချဖို့ သူ့ကို ချစိတယ်လို့ ပြောခဲ့သည်ကိုပင် သနားလို့တဲ့။ ရှက်ဖို့ကောင်းလိုက်တာ။ ထိုစကားများကို သူငယ်ချင်း အရင်းခေါက်ခေါက်က ပြောထွက်သည်ကိုပင် နာကျည်းလွန်းလှသည်။ သူ စိတ်ကို ထိန်းလိုက်သည်။
"မင်းကိုယ်မင်း အထင်ကြီးလိုက်တာ သီဟရာ။ မင်းကို ချစ်နေတယ် ပြောရအောင် ငါက အခြောက်မဟုတ်ဘူး။ မင်းကသာ လိုရာဆွဲတွေးနေတာလား ခြောက်နေတာလား မသိဘူး။ အေး မင်း အဲလိုဖြစ်နေလို့ ငါလည်း မင်းနဲ့ မပေါင်းချင်တာ။ သူငယ်ချင်းအဖြစ်လည်း ကြိတ်မှိတ်ပေါင်းစရာ မလိုပါဘူးကွာ။ ငါက မင်းဆို့လို မချမ်းသာလို့ မင်းတို့လို မချောလို့ဆိုလည်း မင်းတို့နဲ့ တူတဲ့တန်တဲ့လူနဲ့ ပေါင်းပေါ့ကွာ။ ဆင်းရဲတာက ရှက်စရာလို့ ငါမထင်ဘူး။ သိတတ်စတည်းက ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးလို့တောင် ငါ ကျေးဇူးတင်နေတာ။ အေးပါ ငါ့လိုကောင်ကို အပေါင်းအသင်းလုပ်ပေးလို့ မင်းတို့ကို ကျေးဇူးတင်ပါတယ်ကွာ။"
စကားအရှည်ကြီးပြောပြီး သိုး ရေအိုးစင်ရှိရာကို လျှောက်သွားသည်ကို သူ စိတ်မကောင်းစွာ ရပ်ကြည့်နေမိသည်။ သူ့စကား လွန်သွားပြီလားဟု သီဟ စိတ်ပူမိသည်။ မချစ်ဘဲနှင့် ချစ်သည် ပြောသည်။ တဖန် ပေါင်းချင်ဘဲနှင့် ပေါင်းသင်းနေရသည်ဟု ပြောမိပြန်သည်။ ဘယ်လောက်ပဲ အားမငယ်ဘူးပြောပြော သိုး အားငယ်နေပေလိမ့်မည်။ သူ လိုက်ကြည့်နေတာကို မသိဘဲ သိုး ရေကို အားရပါးရသောက်သည်။
ပထမတစ်ခွက်
ဒုတိယတစ်ခွက်
တတိယတစ်ခွက်
နောက်တစ်ခွက် ခပ်၍ သောက်မည် ချိန်ရွယ်စဉ် သူ သိုးဆီ ပြေးသွားကာ တားလိုက်သည်။ ရေခွက်ကို လှမ်းလုလိုက်ချိန်မှာ ရေများ ဖိတ်စင်ကာ သိုးအား ရေနှင့် ပက်လိုက်သလို ဖြစ်သွားသည်။
"ဗြန်း"
သိုးမျက်နှာလေး စပ်ဖျင်းဖျင်း ဖြစ်သွားသည်။ ရေအပြည့် ဖြည့်ထားပြီး အရှိန်ပါ၍ ဖြစ်မည်။ ရေများက အကျီ င်္ ပေါ်သို့ စက်စက်ကျလာသည်။ ရေမျာနှင့် ရောနှောကာ သူ ငိုမိသည်။ ရေနှင့်မျက်ရည် ဘယ်သူမှ မခွဲတတ်ပါစေနဲ့လို့ သူ တီးတိုးဆုတောင်းနေမိသည်။ သူ စင်္ကြဝဋ္ဌာ အပြက်ဘက်ကို ပြေးထွက်ကာ ငိုဟစ် ငိုပစ်လိုက်ချင်သည်။ သီဟ မင်း အရမ်းရက်စက်တယ်လို့ ပေါက်ပေါက်ကွဲကွဲ အော်ဟစ်လိုက်ချင်သည်။ ပြီးတော့ စိမ်းစိမ်းကားကား မုန်းပစ်လိုက်ချင်သည်။ သို့သော် သူ့နှလုံးသားတို့က ခွင့်မပြုပေ။ သူ့ကိုယ်သူ မုန်းဖို့ထက် သီဟကို မုန်းဖို့က ပို၍ ခက်နေသည်။ ရေစက်များ မျက်နှာထက်ကနေ ကိုယ်လုံးဆီကို စီးကျ၍ ကုန်လုချိနိတွင်လမျက်ရည်များက မကုန်နိုင်သေးပေ။ သူ မျက်နှာကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်ကာ သီဟကို နောက်ခိုင်းကြောပေးလိုက်သည်။ ငါ့မျက်ရည်ကို မင်း မမြင်စေရဘူး သီဟ။ တခြားကျောင်းသားကျောင်းသူတွေက သူ့ကို အထူးအဆန်းသဖွယ် ကြည့်နေကြသည်။

         ဆူးထွင်းလှည့်ပါ (ဆူးထြင္းလွည့္ပါ}Where stories live. Discover now