အပိုင်း - ၂ (Zawgyi + Unicode)

Start from the beginning
                                    

" ဟာ...မလုပ်ပါနဲ့ မမရယ် ၊ ဘွားဘွားကို တိုင်မယ့်အစားတော့ ဒီနေရာမှာပဲ ကျွန်တော့်ကို အသေသတ်လိုက်ပါ "

မမက စ,နောက်ဟန်နဲ့ ပြောတာပေမယ့်လည်း သူ အကြောက်အကန်ငြင်းမိသည် ။ မမကိုဆို ဖအေတူ ထက်ထက်မြက်မြက် လှလှပပ မြေးဦးလေးမို့ တုန်နေအောင် ချစ်တဲ့ ဘွားဘွားက သူ့ကိုတော့ မွေးကတည်းက ကောင်းကျိုးမပေးတဲ့ စနေသားလေးရယ်လို့ မျက်မုန်းကျိုးခဲ့ပုံပင် ။

မရည်ရွယ်ဘဲ မေမေ သူ့ကို ကိုယ်ဝန်စ,ရှိချိန်မှာ မမက အခါလည်သမီးသာသာရှိသေးသည်တဲ့ ။
မမကို ကိုယ်ဝန်ဆောင်ချိန်တုန်းက ချမ်းသာပြီးသားမိသားစုရဲ့ စီးပွားရေးဟာ တစ်ရှိန်ထိုး ထပ်မံတိုးတက်လာတဲ့အတွက် မမဟာ မိသားစုရဲ့ အဦးအဖျား လာဘ်ကောင်လေး အဖြစ် ဘွားဘွားရဲ့ သဲသဲလှုပ်ချစ်ခြင်းကို ခံခဲ့ရပေမယ့် သူ့ကို ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဖေဖေက ရုတ်တရက် ဝေးလံတဲ့ အရပ်ဒေသတစ်ခုကို ပြောင်းမိန့်ကျခဲ့သည် ။

ဖေဖေပြောင်းတဲ့နောက်ကို ကိုယ်ဝန်တစ်ဖက်နဲ့ ကလေးပိုက်ပြီး လိုက်ဖို့ ရာ မဖြစ်နိုင်တာကြောင့် အခါလည်သာသာ မမကို ဘွားဘွားနဲ့ ဖေဖေ့ညီမ အပျိုကြီးလက်ထဲ အပ်ခဲ့ကာ မေမေက ဖေဖေ့နောက်လိုက်ခဲ့ရသည် ။

ဖေဖေတာဝန်ကျရာ ဒေသမှာလည်း ရာသီဥတု ၊ အနေအစား အသားမကျတာတွေကြောင့် မေမေ့ကျန်းမာရေးက တချူချာချာပင် ။ ဆေးဝါးအကူအညီတွေနဲ့ သူ့ကိုယ်ဝန်လေး မြဲစေဖို့ မနည်းကို ကြားကန်ခဲ့ရသည်တဲ့ ။

မွေးတဲ့အချိန်မှာလည်း မိခင်ရော ကလေးကိုပါ သေမင်းနဲ့အပြိုင်စစ်ခင်းရင်း ခက်ခက်ခဲခဲ ရယူခဲ့ရပြီးနောက်မှာတောင် ပေါင်သိပ်မပြည့်တဲ့ သူက အသားဝါတွေ ဝင်ပြန်လို့ ဖန်ပေါင်းချာင်ထဲ ထည့်ခဲ့ရပြန်ရောတဲ့လေ ။

ဒါ့အပြင် ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တယ်လို့ ပြောကြသလိုပင် ဖေဖေ့နာမည်နဲ့ထားပေးတဲ့ ဘွားဘွားအပိုင်စက်ရုံငယ်တစ်ခုက မီးလောင်သေးသည် ။ စက်ရုံက ဖေဖေ့နာမည်နှင့်မို့ မီးလောင်တဲ့အမှုမှာ ဖေဖေ့အား မထိခိုက်စေရေးကို လူအင်အား ငွေအင်အား အတော်သုံးပြီး အဆင်ပြေအောင် ဖြေရှင်းခဲ့ကြရသည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now