သန်းခေါင်ယံ ချစ်သူအပိုင်း(16)

5K 324 0
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း(16)

ထိုည ကဝေ မလာခဲ့ပါ။ တစ်လတာကာလအတွင်း ပထမဆုံး မိမိထံသူရောက်မလာသည့် ညတစ်ညဖြစ်သည်။ နွေဦး တော်တော်နှင့် အိပ်မပျော်ပါ။ တကယ်ဆိုလျှင် တနေကုန် အလုပ်များပြီး ပင်ပန်းခဲ့တာ မိမိအိပ်ပျော်ဖို့ကောင်းသည် မဟုတ်လား။

"သူ နေမကောင်းလို့လား၊ ဘာဖြစ်လို့ပါလိမ့်..."

နွေဦး စာအုပ်ကို လျှောက်လှန်ရင်းတွေးနေမိသည်။ ပြီးမှ တယောက်တည်း ရယ်ချင်လာမိသည်။ ကဝေတွေက ဖျားနာတာ ရှိပါ့မလား။ ရှိလည်းသူတို့က မှော်အတတ်တတ်သူတွေပဲ။ ပျောက်အောင်လုပ်နိုင်မည် ထင်ပါသည်။

နွေဦးသက်ပြင်းချလိုက်မိသည်။ စာအုပ်ကိုကိုင်နေသော်လည်း စိတ်က စာအုပ်ထဲတွင်မရှိပါ။ ထို့ကြောင့် ဖုန်းဖွင့်ကာ လိုင်းပေါ်တက်လိုက်သည်။ လိုင်းပေါ်မှ သတင်းများကို လိုက်ဖတ်ကြည့်နေမိသည်။ ချစ်ကြ၊ ကြိုက်ကြ၊ ကွဲကြ၊ feel post များချည်းတွေ့တော့ နွေဦး အာရုံနောက်လာသည်။ မိမိနှင့်ခင်သည့် အစ်မ၊ ညီမတွေကိုတွေ့တော့ စကားနည်းနည်း ပြောပြိးနောက် ပြောစရာစကားကုန်သွားလေပြီ။

"အား...ငါ ရူးတော့မယ် ထင်တယ်။ တကယ်ပဲကွာ။ ဘာဖြစ်နေတာလဲ။ ကော်ဖီသောက်မယ်.။ အိပ်မရမယ့် အတူတူ.."

နွေဦး ကော်ဖီဖျော်ရင်း ခါတိုင်းလို သူများလာတားမလားဟု တိတ်တိတ်လေး မျှော်လင့်နေမိသေးသည်။ သို့သော် သူ့အသံကို မကြားရသောအခါ သက်ပြင်းသာချလိုက်မိသည်။ ကော်ဖီကိုအနည်ကျအောင်စောင့်ရင်း နွေဦး ရောက်တတ်ရောက်ရာ တွေးနေမိသည်။

"ဟင်း...ကော်ဖီကလည်းအရသာလည်း မရှိဘူး။ ဘာလိုနေမှန်းကိုမသိဘူး.။"

နွေဦးသည် ကော်ဖီကို စိတ်မပါလက်မပါ သောက်ရင်း သူ့ကိုမျှော်နေမိသည်။ တကယ်ပဲ သူ ဘယ်ကိုများသွားနေ တာလဲ။ တစ်လလုံးလုံး သူနှင့်အတူ ရှိနေပြီးနောက် ပထမဆုံး သူနှင့် ဝေးရသည့် ခံစားချက်က ဟာတာတာဖြစ်နေသည်။

"ခင်ဗျား လူကို တကယ်ပြုစားထားတာပဲ ကဝေကြီး။ ခင်ဗျားကြီးကိုမုန်းလိုက်တာဗျာ။"

နွေဦးစိတ်ရှုပ်ရှုပ်နှင့်ရေရွတ်ကာ အိပ်ယာထက်တွင်လှဲအိပ်လိုက်သည်။ လူးလိုက်၊ လှိမ့်လိုက်နှင့် ထိုညသည် နွေဦးအတွက် ငရဲခံနေရသလိုပင်။ အိပ်ယာထက်တွင် လှဲနေပြီး မျက်လုံးက မှိတ်မရ၊ အိပ်လို့မပျော်သူတို့ခံရသည့် ငရဲ။ အိပ်ယာငရဲကို နွေဦးခံနေရသည်။

မနက်နိုးလာတော့မူးရိပ် မူးရိပ်ဖြစ်နေသည်။ သို့သော် နွေဦး ရေပြေးချိုးကာ ဆေးရုံကို ပြေးလာခဲ့သည်။ မနက်စာလည်း စားဖို့အချိန်မရသဖြင့် ဘာမှ မစားပဲ ဂျူတီတန်းဝင်တော့သည်။

ဒေါက်တာဇော်သက်အောင်သည် နွေဦးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"နွေဦး မင်း ညက ဘယ်အချိန်အိပ်တာလဲ။"

အကိုဇော့်အမေးကြောင့်နွေဦး မလုံမလဲဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ အကို။ အိပ်တာ စောပါတယ်။"

"စောတယ်။ ဘယ်နှစ်နာရီလဲ။ မင်းမျက်လုံးတွေ ရဲနေတယ်။"

"၂ နာရီခွဲလောက်မှ အိပ်ပျော်တာ အကိုဇော်"

နွေဦးအကိုဇော်ကို ရယ်ကျဲကျဲနှင့်ပြောလိုက်သည်။ အကိုဇော်ကတော့ ထုံးစံအတိုင်းဆူတော့မည်ကို သိသည်။ အလုပ်ကိုင်တောင်သလောက် အအိပ်အနေတွင် ဇယားကြီးသည့်အကိုဇော်က မိမိတို့ကို ဆေးကုသမှုတင်မက လူနာများနှင့်ဆက်ဆံရေး၊ အလုပ်နှင့် ကိုယ့်လူမှုဘ၀မျှတအောင် နေနိုင်မည့် နည်းများကို သင်ကြားပေးသည်။ ဒါကို နွေဦးတို့လို လိုက်နာသည့် အလုပ်သင်ဆရာဝန်လေးများရှိသလို ရှေ့တွင် မလွဲသာလို့ ခေါင်းငြိမ့်သော်လည်း နောက်ကွယ်တွင် ယောကျာ်းတန်မယ့် အတင်းပြောသည့် ဆရာဝန်လေးများလည်းရှိသည်။

နွေဦးကတော့ အကိုဇော်ကိုတောင်းပန်ဟန်ဖြင့်ပြောလိုက်သည်.။

"အိပ်ခါနီး ကော်ဖီသောက်လိုက်မိလို့ပါ အကိုဇော်။ "

"အင်း အင်း... နောက်ဆို နည်းနည်းဆင်ခြင်ကွာ။ ကိုယ်တို့ ဆရာဝန်အလုပ်က အင်မတန်ကို တာဝန်ကြီးတယ်။ လူ့အသက်နဲ့သက်ဆိုင်တာကို လုပ်နေတာဆိုတော့ အမှားအယွင်း မရှိစေချင်ဘူး။ ဒါကြောင့် မင်းတို့ကို အိပ်ရေးဝအောင် အိပ်ဖို့ပြောတာ။ မင်း မနက်ဘာစားခဲ့သေးလဲ။ ဘာမှမစားရသေးရင် တခုခုစားအုံး။"

နွေဦးက အကိုဇော့်ကို အားနာသဖြင့်လိမ်ပြောလိုက်သည်။

"စားခဲ့တယ် အကို။ "

ထိုစဉ် ဆရာဝန်ကြီး ရောင်းလှည့် ချိန်ရောက်သဖြင့် နွေဦးတို့အားလုံး မှတ်တမ်းစာအုပ်ကိုယ်စီကိုင်ကာ နောက်မှ အပြေးလိုက်ခဲ့ရသည်။ မဆုံးနိုင်သော တနေ့တာ ဂျုတီထဲသို့ နွေဦး နစ်မြှုပ်သွားတော့သည်။

ဗိုက်အရမ်းဆာလာတော့ နာရီကြည့်မိတော့ ၁၂ ခွဲနေပြီ။ အကိုဇော်လည်း လူနာကြည့်ပေးရတာ ခေါင်းပင်မဖော်နိုင်ပေ။ ထို့ကြောင့် နွေဦးဆာတာကို အောင့်ခံရင်း လိုတာကို လုပ်ပေးနေသည်။ ထိုစဉ် လူနာရှင်တစ်ဦးက ဆူဆူပူပူလုပ်သဖြင့် အကိုဇော်က နွေဦးကို တာဝန်ပေးလိုက်သည်။

"နွေဦးရေ လိုက်သွားကြည့်လိုက်ပါဦး။ လူနာရှင်တွေ ဘာလိုအပ်နေလဲလို့။ ကိုယ်ခဏနေ လိုက်လာခဲ့မယ်။"

နွေဦးသည်ေ၇မော့သောက်ပြီး လူနာရှင်နောက်ကို လိုက်လာခဲ့သည်။ ဆရာဝန်များ သူနာပြုများလည်း အလုပ်ရှုပ်ကာ ခေါင်းပင်မဖော်နိုင်အောင် အလုပ်များသည်ကိုနားလည်မပေးပဲ ဖြစ်ချင်တာကို ချက်ချင်းလာမလုပ်ပေးရကောင်းလား ဆိုပြီး အော်ဟစ်ဆူပူနေသည့် လူနာ၇ှင်ကို နွေဦးစိတ်ထိန်းကို အတတ်နိုင်ဆုံး ပြေပြေလည်လည်ရှင်းပြပါသေးသည်။
ဒါကို နားမထောင်ပဲ ပိုက်ဆံမရှိဘူးထင်လို့လား ဘာညာ မဆိုင်သည်ကို ပြောလာတော့ နွေဦး သည်းခံနိုင်စွမ်းကုန်ဆုံး လုလု ဖြစ်လာသည်။

"နွေဦး.. မင်း နေ့လည်စာ သွားစားတော့။ ကျန်တာကို အကိုဆက်လုပ်လိုက်မယ်။ "

အကိုဇော်က နွေဦးကိုပြောပြီး ပြဿနာရှာနေသည့် လူနာရှင် များဘက်ကိုလှည့်ကာ ရှင်းလင်း ပြတ်သားစွာ ပြောလိုက်သည်။

"ဒီက ဦးလေးတို့က ဆေးရုံကို လာတဲ့အချိန်နဲ့ ပြထားတဲ့တာဝန်ခံဆရာဝန် နာမည်ကိုပြောပါ။ ဆရာမ ဒီလူနာရဲ့ ဆေးမှတ်တမ်းယူခဲ့ပါ။ "

လူနာရှင်များက အကိုဇော်၏ ပြတ်သားသော မျက်နှာထားကိုတွေ့တော့ နည်းနည်းငြိမ်သွားကြသည်။ နွေဦးသည် သက်ပြင်းရှိုက်ကာ နေ့လည်စာ စားရန် နားနေခန်းကိုလာခဲ့သည်။

နေကလည်း ပြင်း၊ ညအိပ်ရေးကလည်းပျက်၊ မနက်စာလည်းမစားရသေးပဲ အဆာလွန်နေသဖြင့် အခန်းထဲရောက်သော် နွေဦး မူးနောက်နောက်ဖြစ်လာသည်။ဓါတ်ဆားသောက်ရန် ထလိုက်စဉ် မိုက်ခနဲဖြစ်သွားသည်။

"အင်း ..ငါတော့ လဲပြီ။"

နွေဦးထိုသို့တွေးလိုက်မိစဉ် အမှောင်ထုထဲကို ကျသွားတော့သည်။ လုံးလုံး သတိမမေ့သွားခင် နွေဦး ရလိုက်သည့် သစ်ရွက်စိမ်းနံ့ ရေမွှေးနှင့် နွေးထွေးသော အထိအတွေ့ဖြစ်သည်။ မိမိကို ဆီးပွေ့လိုက်သည့် လက်မောင်းတစ်စုံ၏ နွေးထွေးမှုက ထိုလူဆိုတာကို ချက်ချင်းသိလိုက်စေသည်။

"ကဝေကြိီး..."

"မင်းအရမ်းပင်ပန်းနေပြီ ကလေးလေး။ ခဏနားလိုက်ဦး။ နာရီဝက်လောက်အိပ်လိုက်နော်။"

သူ့အသံကိုကြားလိုက်ရပြီးနွေဦးနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတော့သည်။

"နိုးပြီလား။"

နွေဦးနိုးလာတော့ အကိုဇော်က စားပွဲတွင်ထိုင်ကာ လူနာမှတ်တမ်းများကို စစ်ဆေးနေသည်ကိုတွေ့လိုက်ရသည်။ နွေဦး အားနာသွားသည်။ မိမိက အလုပ်ထဲ အိပ်ပျော်သွားမိတယ် မဟုတ်လား။

"တောင်းပန်ပါတယ် အကိုဇော်။ ကျွန်တော် မူးလာလို့..ခဏအိပ်လိုက်တာ။"

အကိုဇော်က နားလည်မှုရှိစွာပြုံးကာ ပြန်ပြောခဲ့သည်။

"ကောင်းတယ်။ ခဏအိပ်လိုက်တာ အားပြည့်သွားတာပေါ့။ ရော့။ မင်းအတွက် ဆန်ပြားချဉ်စပ်တဲ့။ ဆိုင်ကလာပို့တယ်။ မှာထားတဲ့သူရှိတယ်ဆိုလား။ "

အကိုဇော်က ဖော့ဗူးလေးကို ကမ်းပေးရင်းပြောသည်။ နွေဦးက ကဝေပို့လိုက်မှန်းတန်းသိလိုက်သည်။

"အင်း... နွေဦးတို့ ကိုယ်တို့ထက်ကို စမ်းပွင့်နေတယ်ကွ။ နေ့လည် မုန့်ပို့မယ့်သူနဲ့ ဘာနဲ့။ ဒါများကွာ အကို့ကိုလျှိုထားသေးတယ်။ ကဲ ဘယ်ကောင်မလေး ပို့လိုက်တာလဲ ပြောပါဦး။"

နွေဦးသည် ပန်းကန်ထဲ စားစရာထည့်ကာ အကိုဇော့်ကို အရင်စားစေသည်။

"အကို စားပါဦးဗျ..."

"အေး...အေး...ပေးသူ ဒါနမြောက်သွားအောင် ကူစားပေးမယ်။ ကဲ ပြောပါဦး။ ငါ့ကောင်လေး။ မင်း ကအရှက်ကြီးကြီးနှဲု့ ကိုယ့်အကိုတွေကို ဖုံးမထားပါနဲ့။"

နွေဦးကရှက်ရှက်နှင့် ခေါင်းကုတ်ကာ ပြောလိုက်သည်။

"မဟုတ်ဘူး အကိုဇော်ရ။ အဲ့ဒါ ကျွန်တော့်အကိုရဲ့ သူငယ်ချင်း ပို့ခိုင်းလို်က်တာ။ "

နွေဦး ဗြောင်ကို ငြင်းလိုက်ရတော့သည်။ ဆရာမကြီးကို ပြောထားသည့် ဇာတ်လမ်းအတိုင်း လှိမ့်ရတော့သည်။

"ဟုတ်လား။ အင်း..မသိပါဘူးကွာ။ ကိုယ်က ကိုယ့်ညီတွေ ကိုယ့်ကို ကျော်တက်သွားပြီထင်တာ။"

အကိုဇော်က ရယ်ရင်းပြောသည်။ နွေဦးလည်း ရယ်ကျဲကျဲသာလုပ်နေလိုက်သည်။ မိမိအကိုရဲ့သူငယ်ချင်းက မုန့်ပို့ ပေးသည်ဆိုပြီးရောချနေရသည်။ မဟုတ်လျှင် ကိုယ်ပင် မျက်မှာမမြင်ဖူးသည့် ချစ်သူ ကဝေကြီးကို ဘယ်မှာ ဆွဲပြလို့ရ မလဲဟု တွေးကာ တယောက်တည်းပြုံးနေမိသည်။

"ဒါနဲ့ အကို အခန်းထဲဝင်လာတော့ လူစိမ်းတစ်ယောက်ကိုတွေ့သေးလား။ "

"အင်း အပေါက်ဝမှာ ဆေး company uniform နဲ့ လူတစ်ယောက် ထွက်လာတာကိုတွေ့လိုက်တယ်။ မှာထားတဲ့ ဆေးလာပို့တာထင်တယ်။ အင်း..ဟုတ်တယ်။ "

အကိုဇော်၏ စကားကိုကြားတော့ နွေဦးရင်ထိတ်သွားသည်။ ကဝေ တကယ်ပဲ ဆေးရုံကိုလာခဲ့သလား။ တကယ်ပဲ မိမိလဲကျ မလိုဖြစ်စဉ် ထူမပေးခဲ့တာလား။ မိမိကပဲ အိပ်မက်မက်နေတာလား မသိတော့ပေ။ ကဝေ၏ မျက်နှာကို နွေဦး မြင်ချင်စိတ်ပေါ်လာတော့သည်။

"ကဝေကြီးရာ...ခင်ဗျား ကျွန်တော့်ကို ဘာကြောင့် မျက်နှာမပြေရတာလဲဗျာ။"

နွေဦး ဆန်ပြားချဉ်စပ်ကြော်ကို စားပြီးနောက် နေလို့ကောင်းလာခဲ့သည်။

ဒေါက်တာ ဇော်သက်အောင်သည် အလုပ်သင်ဆရာဝန်လေး နွေဦး ကို ငေးကြည့်နေမိသည်။ ဒီကောင်လေး တော်တော့်ကို ချစ်မွေးပါသည့် ကောင်လေးဟု စဉ်းစားနေသည်။ နှာတံပေါ်ပေါ်၊ နဖူးပြင်ကျယ်ကျယ်နှင့် ဥာဏ်ကောင်းမည့်သူမှန်းသိသာသည်။ မျက်လုံးအကြည့်က တည်ငြိမ်ပြီး စူးရှသည်။ သွေးအေးသော်လည်း နူးညံ့သည့် အပြုံးကိုပိုင်ဆိုင်ထားသည့် ကောင်လေးသည် စိတ်လိုလက်ရ ပြဲုံးလိုက်လျှင် တဖက်သာကို ဖမ်းစားနိုင်လောက်သည်။ ပြီးတော့် အခြားအလုပ်သင်ဆရာဝန်လေးတွေနှင့် မတူသည့်အချက်က စကားနည်းသော်လည်း အလုပ်ကို အင်မတန်ကို အပင်ပန်းခံလုပ်နိုင်သည်။

ထို့ကြောင့် အချို့ လက်ထောက်ဆရာဝန် မမများနှင့် သိပ်ကီးမကိုက်ပေ။ နွေဦးက တဖက်သားကို follow လိုက်ပြီး ပြောသည့် အကျင့်မရှိပဲ တည်တည်အေးအေး နေတတ်သဖြင့် တချိုက လက်ထောက်ဆရာဝန်မများက အကြောတင်း သည် ဟုထင်နေကြခြင်းဖြစ်သည်။ သို့သော် ဒေါက်တာဇော်သက်အောင်ကတော့ နွေဦးကို သဘောကျသည်။

"မင်းက ဆရာဝန်ဖြစ်ဖို့ မွေးလာတဲ့သူပဲ နွေဦး။"

နွေဦးသည် မိမိအတွက်နှင့် အကို့အတွက် ကော်ဖီဖျော်ရင်း ရုတ်တရက် အကိုဇော်က ပြောလိုက်သည့် စကားကြောင့် နွေဦး ကြောင်အမ်းအမ်းဖြစ်သွားသည်.။

"ဘာဖြစ်လို့လဲ အကိုဇော်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဆရာဝန် စိတ်ဓါတ်သိပ်မရှိဘူးလို့ကို ထင်နေတာ။ အကိုဇော်တို့လို စိတ်မရှည်တတ်ဘူး။ ပြီးတော့ လူနာတွေကို နားဝင်အောင် သိပ်ပြီး မပြောတတ်ဘူး အကို။"

နွေဦးသည် အကိုဇော်၏ရှေ့တွင် ကော်ဖီခွက်ကို ချပေးပြီး ရိုးရိုးလေးပဲ ပြောလိုက်သည်။ ဟုတ်သည်။ နွေဦးက မိမိဖာသာ ဆရာဝန် မပီသဟု ကိုယ့်ဖာသာ ထင်နေသည် မဟုတ်လား။

"မဟုတ်ဘူး။ လူနာတွေကို စကားချိုချိုသာသာ ပြောတတ်မှ၊ စိတ်ရှည်မှ ဆရာဝန်ကောင်းမဟုတ်ဘူးလေကွာ။ အကိုဆိုလိုတာက အခြားအရည်ချင်း။ "

ဒေါက်တာ ဇော်သက်အောင် က ဘောပန်ကို ချကာ နွေဦးကို ရှင်းပြဖို့ စကားလုံးရှာနေသည်။ နွေဦးဖျော်ပေးသည့် မွှေးပျံ့သည့် ကော်ဖီကို တစ်ငုံငုံလိုက်ပြီးမှ ပြောလိုက်သည်။

"မင်းကို ရောက်ကတည်းက ကိုယ်ကြည့်နေတာ၊မင်းက လုပ်ကိုင်တာ သိပ်ကို စည်းစနစ်ကျတယ်။ လူနာကဒ်ပြားမှာ တွဲရမယ့် ချိတ်ရမယ့် စာရွက်တွေကို စနစ်တကျ တွဲတတ်အောင် လုပ်တယ်။ ဒါ့အပြင် အလုပ်သင် သူနာပြုညီမလေးတွေ ကိုလည်း မင်းသင်ပြပေးတယ်။ မင်းလုပ်တဲ့အလုပ်တိုင်းကို အသေးလေးဖြစ်ပါစေ။ ဘယ်တော့မှ လက်လွှတ်စပယ် မလုပ်တတ်ဘူး။ အထူးသဖြင့် မင်းက စကားနည်းပေမယ့် အခြားလုပ်ဖော်ကိုင်ဖက်တွေကို မတွက်ကတ်တတ်ဘူး။ အဓိက ကတော့ မင်းက သူများကို လက်တွဲခေါ်တတ်တယ်။ ဆရာကောင်းစိတ်ဓါတ်ပဲ။ ပြီးတော့ လူနာတွေကို အရမ်းဂရုစိုက်တတ်တယ်။ ဆရာဝန်ကောင်း တစ်ယောက်ပဲပေါ့။ "

နွေဦး၏ မျက်နှာပူရှိန်းတက်လာခဲ့သည်။ မိမိကိုရှေ့ထားပြီး အကိုဇော်က ချီးမွန်းနေသည် မဟုတ်လား။

"အာ.. အကိုကလည်း မဟုတ်ပါဘူးဗျာ။ အကိုတို့ Training ပေးလို့ ကျွန်တော် သိလာတာပါ။ ပြီးတော့ အကိုလည်း ဆ၇ာမလေးတွေကို ကြုံရင် ကြုံသလို သင်ကြားပေးတယ်လေ။ အကိုပဲ ပြောတယ်မလား။ ဆေးလောက ၀န်ထမ်းတွေ ကို အချိန်ကို မပိုင်ဘူး။ ကိုယ့်အချိန်အများစုကို လူနာတွေကို ပုံပေးထားတာ။ ကိုယ့်ဆေးရုံ အသိုင်းဝိုင်းလေးက စည်းလုံးမှ၊ အားလုံး အရည်ချင်းရှိမှ အလုပ်တွေကို ထိထိမိမိနဲ့ မြန်မြန်လုပ်နိုင်မယ်လို့ပြောတယ်လေ၊ ဒါကြောင့် ကျွန်တော်လည်း အကို့ကို အားကျလို့ လိုက်လုပ်တာပါ။ "

နွေဦးက မျက်နှာပူသော်လည်း အမှန်တိုင်းဖွင့်ပြောလိုက်သည်။ ဒေါက်တာဇော်သက်အောင်သည် နွေဦး၏ စကားကိုကြားသောအခါ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို ပြုံးမိလိုက်သည်။

"မင်းရဲ့အချစ်ကို ရတဲ့သူက သိပ်ကို ကံကောင်းမှာပဲ နွေဦး။ မင်းက လူတော်လည်းဟုတ်တယ်။ လူကောင်း လည်းဟုတ်တယ်။ အကို့ညီမသာရှိရင် မင်းကို ယောက်ဖတော်ထားပြီ။"

နွေဦးသည် သောက်လက်စ ကော်ဖီပင်သီးသွားတော့သည်.။

"အဟွတ်..ဟွတ်..."

ဒေါက်တာ ဇော်သက်အောင်သည် ရယ်ရင်းနွေဦး၏ ကျောကို အသာပုတ်ပေးလိုက်သည်။ ထိုစဉ် နံရံနားတွင် ထောင်ထားသည့် Drip stand တစ်ခုက လဲကျလာခဲ့သည်။ နွေဦး ရင်ထိတ်သွားသည်။ ကဝေ က အကိုဇော့်ကို စိတ်တို နေပြီထင်သည်။

"ဒီ stand ကလည်းဗျာ။ နေရင်းထိုင်ရင်း လဲကျလာတယ်လို့။"

နွေဦး စကားရော ဖောရောဖြင့် သွားထောင်လိုက်သည်။ ဒေါက်တာ ဇော်သက်အောင် ထိုအရာကို မျက်မှောင်ကြုတ် ကြည့် ရင်း စဉ်းစားနေသည်.။

"အင်း တော်တော်ကို ထူးဆန်းနေပြီ။ "

အကိုဇော်၏ စကားကြောင့် နွေဦး တုတ်တုတ်တောင်မလှုပ်ဝံ့ပေ။ ရိပ်မိသွားပြီလားဟု တွေးကာ ချွေးပင်ပြန်လာ ချင်သည်။

"ကဝေကြီး။ ခင်ဗျား။ မလုပ်ပါနဲ့ဗျာ။ အကိုဇော် ရိပ်မိသွားလိမ့်မယ်။ တောင်းပန်ပါတယ်။"

နွေဦး အသံတိတ်တောင်းပန်နေမိသည်။ အိမ်ရောက်မှ ကဝေနှင့်ရှင်းရအုံးမည်။ လက်ထောက်ဆရာဝန် မမ ကို ခေါင်းပေါက်အောင်လုပ်သည့် အကြောင်းသေချာမေးရအုံးမည်။ ပြိးတော့ အကိုဇော်ကို အထင်လွဲကာ အကိုဇော် မိမိကို လာထိတိုင်း ပစ္စည်းတွေကို ပြိုလဲကျအောင်လုပ်နေတာကို ဆက်မလုပ်အောင် တားရမည်။

မိမိနှင့် ပတ်သတ်သည့်လူကြောင့် ကျန်လူများကို မထိခိုက်စေချင်ပါ။ ပြီးတော့ ကဝေကို စည်းလေးတော့ ထားစေချင်သည်။ မိမိက သူတို့လောက၏ စည်းမျဉ်းအရ တစ်သက်တာ လက်တွဲဖော်ဖြစ်သွားသည့်တိုင် မိမိ အလုပ်ပတ်ဝန်းကျင်ထိ လာပြီး မပတ်သတ်စေချင်ပါ။ ထိုအကြောင်းကို သူနှင့်သေချာဆွေးနွေးရအုံးမည်။


သန်းခေါင်ယံ ချစ်သူ  Season - 1Where stories live. Discover now