သန်းခေါင်ယံ ချစ်သူ - အပိုင်း (18)

4.6K 438 1
                                    

သန်းခေါင်ယံ ချစ်သူ - အပိုင်း (18)

(ဒါကဆယ့်ကိုးမဟုတ်ပါဘူး။ ဆယ့်ရှစ်ပါပဲ။ မနေ့ကတင်တဲ့အပိုင်းက ရေးချင်တာကို နားလည်မှုလွဲသွားစေသလိုဖြစ်လို့ ကျနော်ပြန်ဖျက်လိုက်တာပါ။ ဆယ့်ခွန်နဲ့ပဲဆက်စပ်ပြီး ပြန်ဖတ်ပေးပါခင်ဗျာ။ ကဝေကိုမြင်ရခြင်း မျက်နှာတွေ့ရခြင်း နာမည်သိရခြင်းတွေက သူတို့ချစ်ခြင်းရင်းနှီးငြိတွယ်မှုတွေနဲ့စာရင် အပရိကပါ။ ကဝေကိုပဲမျက်နှာပြပါ၊ နာမည်ပြောပါတွေနဲ့ နားလည်မှုလွဲစေခဲ့လို့ စိတ်မကောင်းပါဘူးခင်ဗျာ။ သူတို့ဆက်ဆံရေးကို သေချာပုံဖော်ပြီး ရင်းနှီးလာတဲ့အခါ ကဝေလောကကိုဆက်ပြီးပုံဖော်သွားမှာပါ။ အားပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်)

နွေဦးသည် ကေ၀ တစ်ကောင်၏ ချစ်သူအဖြစ်နှင့် အချိန် ၂ လကို ဖြတ်သန်းလာခဲ့သည်။ စစချင်းနေ့ရက်များသည် အတော့်ကို ဂွတီးဂွကျနှင့် စိတ်ပျက်ဖို့ကောင်းလှသည်။ အသက်ချင်းလည်းကွာသည်။ ပြီးတော့ သူ့အမြင်နှင့် မိမိ အမြင်ကို ညှိယူရတာ အတော့်ကို ခက်သည်။ ပိုဆိုးတာက သူက မှော်အစွမ်းရှိသူဖြစ်သဖြင့် မိမိမည်မျှ ပြောထားသည် ဖြစ်စေ အလုပ်ထဲ မိမိကို တခုခု ပြောမှားဆိုမှားဖြစ်သည့် သူများကို သူအမှတ်တမဲ့ ထိခိုက်အောင်လုပ်နေသေးသည်။

ဟိုတနေ့ကလည်း မိမိလို အလုပ်သင်ဆရာဝန်လေး ဒေါက်တာ အုပ်စိုး ကို သူလုပ်လိုက်ပုံက အတော်ဆိုးသည်။ အုပ်စိုး ဆိုသည့် အကောင်ကလည်း အလုပ်သင်အချင်းချင်ကို အင်မတန်ကို ဆရာလုပ်ချင်သည်။ သူလုပ်ပုံကလည်း မိမိကို ဦးတည် တိုက်ခိုက်နေသလားဟုပင် ထင်မိသည်။

"ကိုနွေ တို့ဘက်က လူနာကို စာရွက်စာတမ်းလွှဲစာ မပါပဲ ကျွန်တော်တို့ Ward ကို ပို့လာတာ 3 ယောက်ရှိပြီနော်။ အကိုလည်း လုပ်နည်းလုပ်ထုံးတွေကို သိတာပဲ။ စည်းကမ်းအတိုင်းလုပ်စေချင်တယ်ဗျာ။"

ဟိုဘက်ဌာနကနေ ဖုန်းဆက်ပြီး စပြောတာကိုက ရိုက်ပေါက်။ မိမိ ပို့လျှင် ထိုသို့ဘယ်တော့မှ စာရွက်စာတမ်းမပါပဲ ပို့လေ့မရှိပေ။ လူနာ စိုးရိမ်ရသည်ဆိုပြီး အမြန်ပို့လိုက် ရလို့စာရွက်စာတမ်း မပါသွားသည်ဟုထင်ပြီး နွေဦး ထို အလုပ်သင် ဆရာဝန်လေးကို တောင်းပန်လိုက်သည်။ ဒါကို အနှီကောင်လေးက မပြီးနိုင်အောင် ထပ်ပြောနေသဖြင့် နောက်ဆုံး နွေဦးက ပြောလိုက်ရသည်။

"အေး ...နောက်တခါ မဖြစ်အောင် ကိုယ်တို့ ဂရိုစိုက်ပါ့မယ်ကွာ။ ဟုတ်လား။ "

နွေဦးက အခြား လက်ထောက်ဆရာဝန်များက အရေးတကြီးပို့ခိုင်းလိုက်သည် ထင်ပြီး တောင်းပန်လွှတ်လိုက်သည်။ ဒါကို ထို ဆရာဝန်လေးက နောက်နေ့ နေ့လည်ပိုင်း မိမိတို့ဌာနကို လာလည်သည့်အခါ ထပ်ပြောပြန်သည်။ မိမိကို ဦးတည်ပြောနေပုံက မိမိကပဲ လုပ်နေသလိုလိုပင်။

ဒီတစ်ခါတော့ နွေဦး ပြန်ပြောလိုက်သည်။

"ကိုယ်က နေ့ဂျူတီလေကွာ။ ညက ဘယ်သူတာဝန်ကျလဲ မသိဘူး။ သူ့ကို ကိုယ်ပြောလိုက်ပါ့မယ်။ "

"အင်းပါဗျာ။ ကျွန်တော်လည်း ဒီဌာနမှာ လုပ်သွားခဲ့တာပါ။ ကျွန်တော့်တုန်းက ဆိုရင် တစ်ခါလေးတောင် ဒီလို စည်းကမ်းမဖောက်တော့ ခုလို လက်လွှတ်စပယ်လုပ်နေတာတွေကို တွေ့တော့ သည်းမခံနိုင်ဖြစ်သွားတာပါ။ ပြီးတော့ ဆရာဝန်ဆိုတာ အဲ့အချက်တွေကို သေချာ ဂရုစိုက်သင့်တယ် မဟုတ်လား။ ဒီဘက်က အလွယ်လုပ်လိုက်တော့ ဟိုဘက်ဌာနက ဆရာဝန်တွေက ဘယ်လိုလုပ် ဆက်ကုရမလဲ။ ဌာနအချင်းချင်းပူးပေါင်းလုပ်ကိုင်တတ်ဖို့လည်း အရေးကြီးတယ်လေဗျာ။ "

နွေဦး အတော့်ကို ချဉ်လာသည်။ မိမိရှေ့တွင် ဝင်ထိုင်ကာ Teamix သောက်ရင်း ပြောနေပုံက ပြောနေပုံက မိမိကပဲ အမှားများစွာလုပ်လို့ သူကပဲ စိတ်ရှည်လက်ရှည်နဲ့ လာဆုံးမနေသလိုလိုပင်။

နွေဦးသည် မိမိထက် 8 လတိတိနောက်ကျကာ အလုပ်သင်ဆင်းနေသော ယခု ဌာနတွင် 3 လ လုပ်ပြီး အခြားဌာနကို ပြောင်းသွားသည့် ကောင်လေးကို ငေးကြည့်နေပြီး မည်သို့တုန့်ပြန်ရမည်ကို စဉ်းစားနေစဉ် သူ မော့သောက်လိုက်သော လက်ဖက်ရည်ခွက်သည် ဘယ်လိုက ဘယ်လို ဖြစ်သွားသည် မသိတော့။ သူ့ကိုယ်ပေါ်ကို လောင်းချမိလိုက်တော့သည်။

"ဟောတော်....အုပ်စိုးရယ် ဘယ်လိုဖြစ်တာလဲ။ ကလေးလည်း မဟုတ်။ "

အနားက လက်ထောက်ဆရာဝန် မမက အလန့်တကြားလေး ပြောကာ တစ်သျှူးဖြင့် သုတ်ပေးရင်း ပြောလိုက်သည်။ လက်ဖက်ရည်များက သူ့အပေါ်ပိုင်း ရင်ဘတ် တစ်ခုလုံးကို ရွဲသွားစေသည်။

"လက်ဖက်ရည်ကို ဘယ်လိုမှောက်အောင် သောက်တာလဲ အုပ်စိုးရယ်။"

မမက ရယ်ရင်း ပြောလိုက်သည်။ အုပ်စိုးက သူတို့ဌာနတွင် 3 လနေသွားလို့ ခင်လည်း အတော်ခင်နေသည် မဟုတ်လား။

အုပ်စိုးသည် တစ်သျူးနှင့် သုတ်ကာ ကြောင်အမ်းအမ်းဖြင့်ပြောလိုက်သည်။

"ကျွန်တော့်ခွက်ကို တစ်ယောက်ယောက်က တွန်းလိုက်တာ မမ.."

နွေဦးတန်းသိလိုက်လေပြီ။ မိမိ ဘယ်လို လုပ်ရင် ကောင်းမလဲ စဉ်းစားရုံရှိသေးသည်။ ကဝေက မိမိကိုယ်စား တုန့်ပြန်ပေးနေပြီ။

"အုပ်စိုးရယ်။ မင်း ကလည်း။ ကလေးစကားမပြောပါနဲ့။ မင်း ဖာသာ သောက်နေတာလေ။ နွေဦးက မင်းနားမှာလည်း မရှိဘူး။ မင်းကို ဘယ်သူက တွန်းမှာလဲ။ "

မမက အုပ်စိုး၏ စကားကို ပြန်ဖြေလိုက်စဉ် နွေဦး စိတ်ထဲမှ ကဝေကို ပြောလိုက်သည်။

"ခင်ဗျား သူ့ကို ဘာလို့လုပ်လိုက်တာလဲဗျာ။ သူက အလုပ်ခွင်မှာ ဘယ်လိုလုပ်မလဲ။ "

"အိမ်ပြန်လဲပါစေပေါ့ကွ။ နားကို ညည်းတယ်၊ အဲ့ကောင်လေး။ မင်းကို ငဲ့လို့ ကျုပ်ဒါလောက်ပဲ လုပ်လိုက်တာ ကျေးဇူးတင်။ ကျုပ်သဘောအရ သူ့ကို ခွဲခန်းထဲတောင် ချော်လဲပြီး ပြသနာတက်အောင်ကို လုပ်ချင်တာ။"

နွေဦး လန့်သွားသည်။ သူ ထိုသို့လုပ်လျှင် အားလုံး အခက်တွေ့ကုန်လိမ့်မည်။ ကဝေက စိတ်ချရသည် မဟုတ်ပေ။ စိတ်ထင်တိုင်း လုပ်တတ်သည့်လူမဟုတ်လား။

"ခင်ဗျား လုံးဝမလုပ်နဲ့နော်။ ခွဲခန်းထဲ လူ့အသက်တွက် အားလုံးရုန်းကန်နေကြတာ။ ခင်ဗျားလုပ်ရင် ကျွန်တော်နဲ့ တွေ့မယ်။"

နွေဦး သူ့ကို ကပျာကယာကြိမ်းလိုက်သည်။

"မလုပ်ပါဘူး ။လုပ်ချင်တာကို ပြောတာ။ "

နွေဦး သက်ပြင်းရှိုက်လိုက်သည်။ ဒေါက်တာ အုပ်စိုးက ရှုံ့ရှုံ့မဲ့မဲ့နှင့် ဗေစင်တွင် လက်ဖက်ရည်များကို သုတ်ရန် ကြိုးစား နေသည်။

"သွားပါပြီဗျာ။ အဝတ်မှာပေကုန်ပြီ။ လူနာတွေတွေ့ရင် impression တော့ down ပါပြီ။ ဆရာဝန်ဖြစ်ပြီး ပေပေပွပွနဲ့ ဆိုရင် ရှက်စရာကြီး။ လက်ဖက်ရည်က ဖိတ်လည်း ဖိတ်ကျတတ်တယ်ဗျာ။ တကယ်ပြောတာ မမ။ တကယ့်ကို လူတယောက်က ခွက်ကိုတွန်းလိုက်သလိုပဲ။"

ဒေါက်တာအုပ်စိုးသည် ယောကျာ်းလေး မဟုတ်သလို လက်ဖက်ရည်လေး မှောက်သွားတာကို ခိုညည်းသလိုကို ညည်းနေသည်ကို ကြည့်ရင်း နွေဦး ကေ၀ လုပ်တာ နည်းတောင် နည်းသေးဟု တွေးချင်လာမိသည်။ အကိုဇော်နှင့် များ တစ်ခြားစီဟု တွေးနေမိသည်။

တွေူးနေရင်းကို အကိုဇော် အခန်းထဲကို ဝင်လာခဲ့သည်။ ဒေါက်တာ အုပ်စိုး ရေရွတ်နေသည်ကိုတွေ့တော့ မျက်ခုံးပင့်ကာ မေးလိုက်သည်။

"အုပ်စိုး... ဘယ်လိုဖြစ်တာတုန်း။ "

"အကိုဇော်.....အကိုဇော်တို့ အခန်းက သရဲခြောက်တယ်ဗျ.."

အုပ်စိုး ဆိုသည့် ကောင်လေးက အကို့ကို အားကိုးတကြီးနှင့် တိုင်လိုက်ပုံကိုကြည့်ပြီး နွေဦး အူယားသွားသည်။

လက်ဖက်ရည်လေး မှောက်ကျတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး နုရွနေသည့် ကောင်ကိုကြည့်ကာ အကိုဇော် ဒီလိုကောင်ကို ဘယ်လို သည်းခံပြီး Train ပေးခဲ့သည်မသိ။ နွေဦးက အလုပ်ထဲ ကိုယ့်ကိုယ်ကိုယ်သာဦးစားပေးလွန်းသူတွေကို သိပ်ကြည့်မရတတ်။ ပူညံပူညံနှင့် အသည်းအသန်ဖြစ်နေတာမို့ နားလည်းတော်တော်ပူလာပြီး စိတ်တိုစပြုလာသည်။

တခြားသူတွေ သူတို့စားဖို့ အပြင်သွားဖို့ ကိုယ်ရေးကိုယ်တာတွေလုံးပန်းနေလည်း နောက်ဆုံးမျက်စိပါ မှိတ်ထားပြီး သူတို့ လုပ်လက်စကို တစ်ယောက်တည်း ဆက်လုပ်နေတတ်သည်။ထိုအခါတိုင်း အကိုဇော်က မိမိကို ကူပေးစမြဲပင်။ မိမိကို သွားစားခိုင်းသော်လည်း နွေဦးက အလုပ်မပြီးမချင်း၊ ထမင်းသွားစားသူများ ပြန်မလာမချင်း ပေပြီး လုပ်နေတတ်သဖြင့် အကိုဇော်နှင့် ပိုရင်းနှီးနေခြင်းဖြစ်သည်။

"ဟ.. အရင်းမရှိ မဖျားမရှိ။ သရဲက ဘယ်လိုခြောက်လိုက်တာတုန်း၊ ပြောပါအုံး.။"

အကိုဇော်က ရယ်ရယ်မောမောနှင့် ခုံတွင် ဝင်ထိုင်က မှတ်တမ်းကို စာရင်းသွင်းရင်း ပြောလိုက်သည်။ အုပ်စိုးဆိုသည့် ငနဲကလည်း အကိုဇော့်နားကို သွားပြကာ သေသေချာချာ တိုင်နေပြန်သည်။

"တကယ်ပြောတာ အကို၇။ ကျွန်တော့် လက်ဖက်ရည်ခွက်က လူတယောက် တွန်းလိုက်သလိုဖြစ်သွားတာ။ ပြီးတော့ ဆရာမလေးတွေ ပြောကြတယ်။ အကိုတို့ အခန်းထဲ ဟိုဟာ ဒီဟာ ပြုတ်ကျတယ်ဆို။ သေချာပြီ သရဲပဲ။"

အကိုဇော် က ပြုံးပြုံးနှင့်ပင် မော့ကြည့်ကာ ဖြေလိုက်သည်။

"အုပ်စိုးရာ... မင်းမှာလဲ...ဆရာဝန်တောင်ဖြစ်နေပြီ ဒါတွေကို ယုံတုန်းလား။ မင်းဖာသာ လက်ချော်ပြီးဖိတ်တာ မဟုတ်လား။ ပြီးတော့ စင်လဲကျတယ် ဆိုတာ လေတိုက်လို့၊ ကြွက်တိုးလို့နေမှာပါ။ အကိုဖြင့် ဒီဌာနမှာ ကြာပြီ။ တခါမှ အခြောက်မခံရပေါင်ကွာ။ ကဲ ..ကဲ ..အိပ်ပြန်ပြီး အဝတ်လဲလိုက်၊ မင်း တနေကုန် ဂျုတီမဟုတ်လား။ မင်းက အသန့်ကြိုက်တာနဲ့ ဒီပုံစံ မင်းနေတတ်မှာမဟုတ်ဘူး။"

အကိုဇော်က အုပ်စိုးအကြောင်းကိုသိသဖြင့်ပြောလိုက်သည်ကို ငေးကြည့်နေမိသည်။အကိုဇော်သည် လာသမျှအလုပ်သင် တိုင်းကို သူ့ညီလေးတွေကို စောင့်ရှောက်တတ်သဖြင့် လူချစ်လူခင်အပေါဆုံး လက်ထောက်ဆရာဝန်ဖြစ်သည်။ ဆရာဝန်ဆိုတာ ဒီလိုမျိုးပါဆိုတာကို အကိုဇော်ကိုကြည့်ပြီးမှ နွေဦးနားလည်လာခဲ့ သည်။

"အင်း အင်း...လေးစားတာ ကြည်ညိုတာလေးကို ဘရိတ်အုပ်မယ်။ "

နွေဦး စဉ်းစားကောင်းတုန်း ကဝေ၏ အသံဆိုးက ပေါ်လာသဖြင့် တုန်ခနဲဖြစ်သွားသည်။ လန့်လည်း လန့်သွား မိသည် မဟုတ်လား။ အကိုဇော်ကို ငေးပြီး အတွေးလွန်နေတော့သူခိုးလူမိ ဖြစ်သွားမိသည်။

"အင်း ပိုင်ရှင်ငုတ်တုတ်ကြီးနဲ့ နော်။ သိပ်လည်း မငမ်းနဲ့အုံး။"

နွေဦး ချက်ချင်းကိုငြင်းလိုက်သည်။

"အကိုဇော်က ပိုင်ရှင်မရှိပါဘူး ခင်ဗျားကလည်း။"

"မင်းမှာ ပိုင်ရှင်ရှိတာကို ပြောတာ။ ကျုပ်က ငုတ်တုတ်ကြီးရှိသေးတယ် မောင်နွေဦးလေးရဲ့။ မင်း ချစ်သူကြီးက မင်းအနားမှာ မင်းအတွေးတွေကို အကုန်မြင်နိုင်တယ်နော်။ ပြီးမှ ကျုပ်ကို ရက်စက်တယ် ဘာညာ မပြောနဲ့။"

သူ့စကားကြောင့်နွေဦး စိတ်ညစ်သွားသည်။

"အမ်...ဘယ်သူက ခင်ဗျားချစ်သူလဲ။ ခင်ဗျားဖာသာ တစ်ဖက်သတ် သတ်မှတ်တာလေဗျာ။ အကိုဇော်က လူလွတ်။ ကျွန်တော်လည်း လူလွတ်။ "

နွေဦးသည် ကော်ဖီထဖျော်ရင်း ကဝေကို ခပ်တည်တည်နှင့်ပြန်ပြောလိုက်သည်။ အကိုဇော်နှင့် အုပ်စိုးကို ကျောပေး ထားလိုက်သည်။ သူတို့ပြောသည်ကိုနားစွင့်ရင်း ကဝေကို ပြန်ပြောနေမိသည်။

ဟုတ်လည်းဟုတ်သည်လေ။ ဘယ့်နှယ်။ လူကို ညတိုင်းထင်သလိုလုပ်ပြီး မိမိကို အကိုဇော်နှင့် သဝန်တိုနေသည်တဲ့။
"အင်း ..အင်း... မင်းက လူလွတ်လား..ဟုတ်လား..."

"ဟုတ်တယ်။ "

"အာ့ဆို ညတိုင်းမင်းနဲ့ ချစ်နေတဲ့ကျုပ်က ဘာတုန်း.."

ကဝေက ညစ်ကျယ်ကျယ်နှင့်မေးလာသည်။ နွေဦးက တမင်ကို ဘုဖြေလိုက်သည်။

"မသိဘူး။ "

"အင်း..သိအောင် ပြရသေးတာပေါ့ကွာ...."

သူ့ကြိမ်းဝါးသံကြောင့်နွေဦး တွန့်သွားသည်။ မတော်လို့ လူကြားထဲ ဟိုကိုင်သည်ကိုင်လုပ်နေရင် ခက်တော့မည်။ လက်ထောက်ဆရာဝန် အစ်မရော၊ အကိုဇော်ရော၊ ဟိုကောင် အုပ်စိုးလည်း ရှိနေသည်။ မိမိညီလေးက ဘာမသိ ညာမသိ နိုးလာမှ သောက်ရှက်ကွဲနေတောာ့မည်။

"ခင်ဗျားဗျာ..အလုပ်ထဲမှာ မလုပ်ပါနဲ့။ အရှက်မခွဲပါနဲ့။ ရှိကြီးခိုးပါရဲ့ဗျာ။"

နွေဦး တောင်းပန်လိုက်တော့ သူကရယ်မောကာ ပြောလိုက်သဖြင့် နွေဦးစိတ်ညစ်သွားတော့သည။်

"ညကျရင် မင်းနဲ့ ကျုပ်ရှင်းမယ် နွေဦး။ အခုတော့ လွှတ်ပေးလိုက်မယ်။"

သူ့စကားကြောင့်နွေဦး စိတ်သက်သာရာ ရသွားသည်။ ညကျရင်တော့ တွေးရင်း ကျောချမ်းလာမိသည်။

"ဟယ် နွေဦးရဲ့ ကော်ဖီက မွှေးလိုက်တာကွယ်...... မမ ဖျော်သောက်ဦးမယ်နော်။"

နွေဦး၏ ကော်ဖီနံ့ကိုရတော့ အစ်မက ပြောလာခဲ့သည်။ နွေဦး သူပို့ပေးသောကော်ဖီကို ပုလင်းနှင့် ခွဲထည့်ကာ ဆေးရုံမှာထားသည်။ နွေဦးက ဆေးရုံမှာအနေများသူမဟုတ်လား။ အလွယ်ရသော Mix တွေသောက်လျှင် မိမိ၏ဘာခေါ်မလဲကြီးက ဆူဦးပူဦးမည်လေ။ နွေဦးသည် သဘောကောင်းကာ စိတ်ရှည်သော လက်ထောက်ဆရာဝန် မမကို ပြုံးကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ မမ။ ယူသောက်ပါ။ "

"မင်းအစ်မကိုပဲ တိုက်တာလားကွ။ ကိုယ့်ကိုရော မတိုက်ဘူးလား။"

အကိုဇော်ကပါ လှမ်းမေးလာသဖြင့် နွေဦး သွားဖြီးလေးနှင့် ပြောလိုက်သည်။

"အကိုလည်းယူသောက်ပါ... အကိုလည်း ကော်ဖီကြိုက်တယ် မလား.။"

အကိုဇော်က နွေဦးဖျော်လာသည်ကို တကျိုက်ယူသောက်ကာ ပြောလိုက်သည်။

"အင်း ကြိုက်တယ်။ မင်းရဲ့ ကော်ဖီက မွှေးလှချည်လား။ ဘယ်က ဝယ်လာတာလဲ။"

"လက်ဆောင်ရတာ အကို။ "

အစ်မလည်း နွေဦးက ပြောလိုက်သည်နှင့် ကော်ဖီထဖျော်တော့သည်။ ပြိးတော့ ကျေးဇူးတင်စွာ ပြောလိုက်သည်။

"အမောကိုပြေသွားတာပဲကွာ။ ကော်ဖီနံ့က သိပ်မွှေးတာပဲ။ ကျေးဇူးပဲ မောင်လေး။"

နွေဦးရယ်လို့သာ နေသည်။ ကဝေကတော့ သူ့ကော်ဖီကို သူများကိုတိုက်လို့ စိတ်ဆိုးနေမည်လား ဟု တွေးနေမိသည်။




သန်းခေါင်ယံ ချစ်သူ  Season - 1Unde poveștirile trăiesc. Descoperă acum