"ဘယ်လိုဆံပင်ပုံစံညပ်ချင်လဲ...ညီမလေး...အဖျားလေးတွေပြန်တိပြီး ဖောင်းဖောင်းလေးဖြစ်အောင်ညပ်မလား.."
ဆံပင်ညပ်ဆရာမက မိုးမြင့်သာ၏ ဆံပင်လေးများကို တယုတယကိုင်တွယ်ရင်း ကိုယ်လုံးပေါ်မှန်ချပ်ကြီးထဲမှတစ်ဆင့် သူမကိုကြည့်လျက်မေးလေသည်။
"ကျွန်မကို ခပ်တိုတိုလေးပဲညပ်ပေးပါ..."
"ပူလို့လား...အခုဆံပင်ကေလေးလည်း ညီမလေးနဲ့လိုက်ဖက်တာပဲလေ.."
"ဒီအတိုင်းပါပဲ...ကျွန်မကဆံပင်ကို သိပ်ဂရုမစိုက်နိုင်လို့ပါ..."
"ဒီအတိုင်းကြီးညပ်ချလိုက်တာထက် စတိုင်လေးပြောင်းကြည့်မလား.."
"အဆင်ပြေသလိုပဲပေါ့...အမ.."
မိုးမြင့်သာက မှန်ထဲတွင်ပေါ်နေသည့် ကိုယ့်ကိုကိုယ်ပြန်စိုက်ကြည့်မိရင်း ဒီနှစ်တွေထဲဆံပင်များအလွန်ရှည်လာခဲ့သလို မြို့ပြကိုစရောက်ခါစ ကြွက်ကိုက်ဆံပင်ဖြင့် သူမအား အတ္တကျော်ကိုယ်တိုင် ဆံပင်လိုက်ညပ်ပေးသည့်အဖြစ်အပျက်ကိုသတိရမိသွားသောအခါ အနည်းငယ်ပြုံးမိသည့်အပြုံးနှင့်အတူ သက်ပြင်းရှည်ကြီးတစ်ခုပါကပ်ပါလာသည်။ ခပ်စွာစွာအစ်ကိုကြီးမို့ သူမသည်လည်းအမြင်ကပ်ခဲ့ရပြီးနောက် အဖြစ်အပျက်များစွာဖြင့် အချစ်ရဆုံးသူဖြစ်ခဲ့လေသည်။ တစ်ဖန်ပြန်လာသည့်ကံကြမ္မာ၏လှည့်စားမှုကြောင့် ငယ်စဉ်ဘဝ၏အမှတ်တရအဖြစ်ရဆုံးအမျိုးသမီးက မိမိ၏အချစ်ရဆုံးအမျိုးသားဖြစ်နေခဲ့သည်တိုက်ဆိုင်မှုဖြစ်ခဲ့သည်မှာ ထူးခြားဆန်းကြယ်လွန်းသည်ဆိုသည့်စကားထက်ပင်ပိုနေေလသည်။ ဆံပင်ညပ်ဆရာမ hair stylistက ဒီဇိုင်းစာအုပ်ထဲမှ သူမနှင့်လိုက်ဖက်လောက်မည်ထင်သော ဆံပင်ပုံစံများပြသသည်။ မိုးမြင့်သာလည်း သိပ်မရွေးတတ်သဖြင့် အဆင်ပြေသည့်ပုံစံလေးညပ်ပေးရန်သာပြောသောအခါ ဆံပင်ညပ်ဆရာမက မိုးမြင့်သာ၏ ဝတ်ပုံစားပုံ ခပ်ရှင်းရှင်းအနေထိုင်ပြောဆိုမှုကြောင့် အမျိုးသမီးဆန်သည့်ပုံစံထက် Unisex ပုံစံသို့သွားသည့် Wolf Cut စတိုင်ကို သူမအတွက်ရွေးချယ်ပေးသည်။ တတိတိဖြင့် မိမိ၏ဆံပင်များကိုညပ်ချနေသည့်ခံစားမှုကိုမျက်လုံးမှိတ်ကာ ခံစားနေမိပြီး သူမရင်ထဲမှခံစားချက်များကို တစ်ခုချင်းလွှတ်ချနေသလိုခံစားရသဖြင့် ပေါ့ပါးလာသလိုပင်။ မိနစ် ၂၀ လောက်အချိန်ယူပြီးနောက် မိုးမြင့်သာလည်းခေါင်းပြောင်းပြီးသွားပြီဖြစ်သည်။ ပိုက်ဆံရှင်းပြီးနောက် ကျောပိုးအိတ်ကိုကောက်လွယ်ရင်း ဆိုင်ထဲမှသူမထွက်ခဲ့သည်။ ပခုံးလောက်အထိရှည်သော ဆံပင်ရှည်များကိုညပ်ချလိုက်ရသဖြင့် သူမ၏ဦးခေါင်းသည်လည်းပေါ့ပါးနေသလို ဆံပင်ေလျှာ်လာသည့် Shampoo အေးအေးကြောင့်လည်း အာရုံကြောများအနည်းငယ်လန်းဆန်းလို့နေသည်။ ညနေစောင်းနေပြီဖြစ်သော်လည်း မြရိပ်ဝါသို့တန်းမပြန်ဖြစ်သေးဘဲ အနီးနားရှိမုန့်ဈေးတန်းတစ်ခုတွင် တစ်ယောက်တည်းလျှောက်ပတ်နေလိုက်သည်။ ဖျော်ရည်ဆိုင်တစ်ခုမှ Boba Tea တစ်ခွက်ဝယ်သောက်ပြီးနောက် မုန့်ဈေးတန်းအစွန်းအဖျားတွင်ရှိသည့် ခုံတန်းတစ်ခုဆီသို့လျှောက်လာခဲ့ကာ တစ်ယောက်တည်းထိုင်လျက် ကားလမ်းမကြီးကိုငေးကြည့်နေမိခဲ့သည်။
အတ္တကျော် သူမကိုအဆက်သွယ်ဖြတ်ပြီးထားသွားခဲ့သည်မှာ ရက်ပေါင်းများစွာ။
ဖုန်းခေါ်ဆိုမှုများကို မဖြေတော့။
Messageအကြောင်းရေပေါင်းထောင်ပေါင်းများစွာပို့လည်း ပြန်စာမရှိ။
မည်သည့်လူမြင်ကွင်းတွင်မှမပေါ်လာ။
တည်ရှိမှုတစ်ခုကလောကကြီးထဲမှ ပျောက်ကွယ်သွားသကဲ့သို့ပင်ခံစားနေရသည်။ သူမတစ်ယောက်တည်းကသာ တစ်ဖက်သတ်ခံစားနေရပြီး တစ်ဖက်ကတော့ သူမကိုအတွေးထဲပင်မရှိတော့ဘူးလားဟု ကိုယ့်ကိုကိုယ်ပြန်မေးနေမိသည်။ အချစ်ကြီးချစ်ခဲ့သူက လုပ်ရက်သွားသည်မှာ အလွန်ကိုသူစိမ်းဆန်၍ အေးစက်ပြတ်သားလွန်းသည်။ ဖြေရှင်းမည့်သူမရှိသော ပြဿနာတထွေကိုရင်ဝယ်ပိုက်လျက် သူမတစ်ယောက်တည်းနာကျင်အထီးကျန်စွာ ဖြတ်သန်းနေရသည်။
တိတ်ဆိတ်စွာ Boba Tea ထိုင်သောက်နေစဉ် ပခုံးတစ်ဖက်ပေါ်သို့ကျရောက်လာသည့် လက်သည်းရှည်ရှည်လက်ချောင်းလှလှလေးများကြောင့် သူမ လန့်သွားခဲ့သည်။
VOCÊ ESTÁ LENDO
Unexpected Sparks: The Twist (Ongoing)
RomanceBook (1) ဖတ်ပြီးမှ Book (2) ဖတ်ပါ...🥺 Draft အနေနဲ့သာ ရေးထားလို့ စာလုံးပေါင်းအမှားယွင်းများရှိလျှင် နားလည်ပေးပါလို့🫠
