Part (61)✶ ⊹ Ꮺ

3.2K 149 42
                                        

မှောင်မည်းနေသော တိမ်ညိုကောင်းကင်ဆီမှ မိုးရေစက်များက ရင်ထဲမှ ဝမ်းနည်းပူဆွေးမှုကို ဖြည်းမဆည်းနိုင်သကဲ့သို့ ရှိုက်ကြီးတငင် မျက်ရည်မိုးဖြိုင်ဖြိုင်ကျဆင်း‌ေနသူလို မဟာပထဝီမြေကြီးထက်သို့ သည်းထန်စွာ ရွာသွန်းနေသည်။

ငယ်ရွယ်နုပျိုသော နှလုံးသားအစုံကိုပွေ့ပိုက်ထားပြီး ချစ်ရသူဆီက အဖြေရရှိရန် သည်းထန်လေးလံစွာရွာသွန်းနေသော မိုးရေထုကြီးကို အံတုလျက် သူမ လိုက်လာခဲ့သည်။
သို့သော် အဖြေက နာကျင်ကြေကွဲစရာကောင်းလွန်းလှသဖြင့် နှလုံးတစ်ခုလုံးကို အစိမ်းလတ်လတ်ဆွဲထုတ်ပစ်လိုက်သလားဟုပင် ထိုအခိုက်အတန့်အတွင်း သူမ တွေးမိသည်။ သူ့ရင်ဘတ်ထဲမှ သွေးစိမ်းရှင်ရှင်တွေ ကျနေရော့လား။ နှလုံးသားရှိရာ ဘယ်ဘက်ရင်အုံကို ပြန်စမ်းမိသည်အထိ ဖြစ်ရသည်။

သူမဘက်သို့ ပစ္စတိုပြောင်းဝလှည့်ထားလျက် တည့်တည့်ကြီးချိန်ရွယ်ထားသည့် သူမ၏ ချစ်ရသူ။ သူမဘဝ၏ အချစ်ရဆုံး သူစိမ်း‌ယောက်ကျားတစ်ယောက်။ သူမကို ချစ်တတ်အောင် သင်ပေးခဲ့သူ။ အခုတော့ အရင်းနှီးဆုံးသူမှသည် သူစိမ်းတစ်ယောက်လို အမုန်းကြီးမုန်းနေသည့် ရန်သူတစ်ယောက်လို ဆက်ဆံနေတော့သည်။

"ငါ့နောက် ဆက်မလိုက်လာနဲ့တော့...မောင်ဇော်....ငါတို့ ဇာတ်လမ်းပြီးသွားပြီ...."
အတ္တကျော်က ပစ္စတိုမောင်းခလုတ်ပေါ် လက်ညိုးကွေးတင်ထားလျက် သူမဆီချိန်ရွယ်ထားသည်။

မိုးမြင့်သာ တစ်ကိုယ်လုံး မိုးရေများစိုရွဲနေပြီး မိုးရေနှင့်အပြိုင် ငိုမိနေတာကြောင့်လား ဒါမှမဟုတ် မိုးအရမ်းရွာနေတာကြောင့်လား မျက်စိအမြင်များဝေဝါးနေတော့သည်။

သူမ ခြေတစ်လှမ်းတိုးမည်လုပ်တိုင်း အတ္တကျော်က ကတ္တရာလမ်းပေါ် သူမအရှေ့သို့ ပစ္စတိုဖြင့် တစ်ချက်ချင်းပစ်သည်။ သူမ လက်မလျော့နိုင်ပါ။ အတ္တကျော်ကို သူမ ရှာတွေ့ခဲ့ပြီ။ အကြောင်းပြချက် ရေရေ‌ရာရာမပေးဘဲ ထားပစ်သွားခဲ့ပြီး တစ်ဖက်သတ်လမ်းခွဲသွားသူကြီး။ အနည်းဆုံးတော့ သူမ အကြောင်းပြချက်သိချင်သည်။ ဘယ်လိုအဖြေမျိုးပဲ ဖြစ်ဖြစ် သူမ ခံယူရန် ရင်ထဲ၌ အဆင်သင့်ပြင်ထားပြီးသား။ စကားလေးနည်းနည်းပြောချင်ရုံသာ။

Unexpected Sparks: The Twist (Ongoing)Where stories live. Discover now