“ဒါဆို မောင် ရေအရင်ချိုးလိုက်မယ်နော်..... မောင်ပြီးရင် နှောင်းငယ်ချိုးလိုက်..... နှောင်းငယ်ရေချိုးနေတုန်း မောင် ချက်ပြုတ်ထားလိုက်မယ်”
“ဟုတ်..... နှောင်းလည်း မိတ်ကပ်တွေ ဖျက်ရဦးမှာဆိုတော့ မောင်ပဲ အရင်ချိုးလိုက်လေ"
“အိုခေ”
မောင်ရေချိုးနေချိန်မှာ နှောင်းက မှန်တင်ခုံရှေ့ထိုင်ပြီး မိတ်ကပ်ဖျက်နေရင်း အတွေးတွေ နယ်ချဲ့နေလိုက်သည်။ ဒီနေ့ နဒီလှိုင်းနဲ့ကိစ္စတွေအားလုံးကို နှောင်း အစအဆုံးမြင်လိုက်ရသည်။ အစကတော့ အခန်းတံခါးကို ဆွဲဖွင့်ပြီး ပွဲကြမ်းပစ်ချင်ပေမယ့် နဒီလှိုင်းတစ်ယောက်တည်း တစ်ဖက်သတ်ဖြစ်နေပြီး မောင့်ဘက်က အနေမှန်နေတာမို့ နှောင်း အသာလေး ခိုးနားထောင်နေခဲ့တာဖြစ်သည်။
မောင့်နှုတ်ဖျားကနေ နှောင်းကို ချစ်ခြင်း မြတ်နိုးခြင်းတွေကို ကြားလိုက်ရတော့ ကြည်နူးမှုကြောင့် ရင်တွေ တလှပ်လှပ်ခုန်ခဲ့ရသေးသည်။ မောင် နှောင်းကို ချစ်တာသိပေမယ့် တစ်ခါတစ်လေ မြင်နေတွေ့နေရတဲ့ Social Media ပေါ်က မောင်နဲ့နဒီလှိုင်းကို Ship နေကျသေးတဲ့ပို့စ်တွေကို မြင်မိရင် နှောင်းလို သာမာန်မိန်းကလေးက မောင့်လို နာမည်ကြီး တဲ့သူမျိုးအတွက် ထိုက်တန်ပါ့မလားဆိုတဲ့အတွေးတွေက တစ်ခါတစ်လေ ဝင်လာပြီး စိတ်အားငယ်ခဲ့ဖူးသည်။ ခုလို မောင့်ဆီက စကားတွေကို ကြားလိုက်ရချိန်မှာ နှောင်းအတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာစေတာတော့ အမှန်ပင်။
နဒီလှိုင်းကိုလည်း အံ့ဩမိသည်။ မိန်းကလေးတန်မယ့် ကိုယ့်ကို မချစ်တော့တဲ့ယောကျာ်းလေးတစ်ယောက်ကို အတူတူအိပ်ဖို့တောင်းဆိုရဲသည်။ သူတို့ကပဲ နိုင်ငံခြားမှာ အနေကြာပြီး အနောက်တိုင်းဆန်သွားတာလား နှောင်းကပဲ ရှေးရိုးစွဲလွန်းနေတာလားတော့ မသိ။ ခု နှောင်းမှာ မောင့်ကို နှောင်းအဆင်သင့်ဖြစ်နေကြောင်း ဘယ်ကဘယ်လို စပြောရမလဲဆိုတာကို စဥ်းစားနေရတာနဲ့ ခေါင်းတွေမူးနေပြီဖြစ်သည်။
နေ့လည်က မောင့်ဆီက အပြန်မှာကတည်းက ဒီညကို မောင်နဲ့အတူတူကုန်ဆုံးဖို့ ဆုံးဖြတ်ထားပြီး ဘယ်လိုစပြောရမလဲ ဘာတွေ ပြင်ဆင်ရမလဲဆိုတာတွေက ခေါင်းထဲမှာ နေရာယူကာ နှောင်းကို အတွေးနယ်လွန်စေခဲ့တာက မောင်တောင် သတိထားမိတဲ့အထိပင်။
ထိုအချိန် မောင်က တဘက်တစ်ထည်ကို ခါးမှာပတ်ကာ အပေါ်ပိုင်းဗလာဖြင့် ရေချိုးခန်းထဲက ထွက်လာတာကို မှန်ထဲကနေတစ်ဆင့်မြင်လိုက်ရတာကြောင့် နှောင်းမျက်နှာလေး ချက်ချင်းဆိုသလိုပင် ရဲတွတ်သွားရလေသည်။
💕Spaghetti💕
Start from the beginning
