💕 Feeling of Love 💕 အပိုင်း ၂၀
ည ၁၁နာရီ ၄၅မိနစ်
📨အပြင်ထွက်လာခဲ့လေ မောင်လာခေါ်မယ် စကားပြောကြရအောင်
လွန်ခဲ့တဲ့မိနစ်အနည်းငယ်က မောင်နဲ့ စာအပြန်အလှန်ပို့ကာ စကားပြောနေတုန်း မောင်က အပြင်ထွက်ခဲ့ဖို့ပြောတာကြောင့် နှောင်းလည်း လက်ရှည်အနွေးထည်ကို လည်ပင်လုံအောင် ဇစ်ကိုဆွဲတပ်လိုက်သည်။ နှောင်းကိုကျောပေးအိပ်နေတဲ့ လင်းကို အိပ်မအိပ်သေချာအောင် စစ်ဆေးပြီးတာနဲ့ ခြေသံဖွဖွနင်းကာ အခန်းတံခါးကို အသံမမြည်အောင် အသာလေး တွန်းဖွင့်လိုက်သည်။
လူကအခန်းပြင်ရောက်သွားပြီဆိုမှ အခန်းတံခါးကိုလည်း အသံမထွက်အောင် အသာပိတ်လိုက်သည်။ ထိုအခါမှ အသက်ကိုရဲရဲရှုရဲတဲ့ဘဝ။ အခန်းထဲကနေ ဘယ်သူမှမသိအောင်ထွက်လာနိုင်ခဲ့တာမို့ ကျေနပ်အားရစွာပြုံးလိုက်ပြီး ဒီဘက်အလှည့် ထမင်းစားပွဲမှာထိုင်ကာ နှောင်းကို အံ့ဩတကြီးကြည့်နေတဲ့ ဦးရယ်၊ စားပွဲနားမှာ မတ်တပ်ရပ်ကာ ပြုံးချင်ချင်ဖြစ်နေတဲ့မျက်နှာနဲ့ မောင့်ကိုပါ တွေ့လိုက်ရတာကြောင့် နှောင်းမှာ ကျောက်ရုပ်လို အေးခဲတောင့်တင်းသွားသည်။ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေပြီး နှောင်းလည်း ရုတ်တရက်မို့ ကြောင်ကာ ရပ်နေမိသည်။
"မအိပ်သေးဘူးလား... ဘာလို့ထွက်လာတာလဲ"
"ဟင်"
ရုတ်တရက်မို့ ဦးရဲ့အမေးကို နှောင်းမှာ ဘာဖြေရမှန်း မသိ။ ရည်းစားနဲ့ခိုးပြီး ချိန်းတွေ့မလို့ထွက်လာတာဆိုပြီး ပြောလိုက်လို့ကလည်း မဖြစ်။ သမီးက ရည်းစားနဲ့ချိန်းတွေ့တာ အဖေနဲ့ပက်ပင်းတိုးကာ လူမိသွားသလို ခံစားချက်မျိုးပင်။
"ဗိုက်ဆာလို့လား"
"ဟမ်... ဪ... အေး ဟုတ်တယ် ... ဗိုက်ဆာလို့... ဗိုက်ဆာလို့ ဘာများရှိမလဲ လာကြည့်တာ"
"နေဦး ငါတစ်ခုခုစီစဉ်ပေးမယ်"
"အင်း"
ထိုင်ရာကထကာ မီးဖိုချောင်မှာရှိတဲ့ နံရံကပ်ဗီဒီုတွေထဲကို ဦးက လှန်လှောရှာဖွေနေသည်။ နှောင်းတို့ကို ကျောပေးထားတာမို့ နှောင်းမှာ မောင့်ကို ဘယ်လိုဖြစ်တာလဲဆိုတဲ့ သဘောနဲ့ မျက်စပစ်ပြလိုက်ပေမယ့် မောင်ကလည်း ပုခုံးသာ တွန့်ပြလာလေသည်။
