💕 Feeling of Love 💕 အပိုင်း ၂၉
ဒီနေ့ မ,ကို နေ့လည်ပိုင်း အရင်လိုစာပို့ပေမယ့် စာက တော်တော်ကြာတဲ့အထိ ပြန်မလာ။ အရင်ကဆို အလုပ်ချိန်ဆို အမြဲစာပို့ရင် မအားဘူးဆိုရင်တောင် နှောင်းအလုပ်များနေလို့ နောက်မှစာပို့မယ်နော် မောင် ဆိုတာတော့ ပို့ထားတတ်တဲ့သူမျိုးပင်။ တော်တော်ကြာတဲ့ထိ စာပြန်မလာတာမို့ မထူးစိတ်ပိုက်ကာ ဖုန်းဆက်လိုက်တော့ ဖုန်းကလည်း စက်ပိတ်ထားပါသည်တဲ့။ စိုးရိမ်စိတ်နဲ့အတူ ရောင်နီတို့ကို ဖုန်းလှမ်းဆက်ဖို့ ပြင်လိုက်ပေမယ့် ဒီမနက်သူကိုယ်တိုင် ကုမ္ပဏီလိုက်ပို့ပေးခဲ့တာမို့ အစ်မဆီကိုပဲ အရင်ဆက်လိုက်တော့ အစ်မပြောတာက
"မနက်ကတည်းက စင်္ကာပူကဧည့်သည်တွေနဲ့ စက်ရုံတွေဘက်သွားကြည့်တယ် စေရဲ့... အဲ့ဒါဟိုမှာ နှောင်းက နေမကောင်းချင်သလိုဖြစ်နေလို့ ဒီနေ့တော့ နေ့တစ်ဝက်ခွင့်ယူမယ်ဆိုပြီး ခွင့်ယူထားတယ်"
"ဟုတ်လား... အဲ့ဒါကို ကျွန်တော့်ကိုမပြောဘူးဗျာ... နေမကောင်းတဲ့သူကို တစ်ယောက်တည်း ပြန်လွှတ်လိုက်ရလား အစ်မရဲ့"
"တစ်ယောက်တည်းမဟုတ်ပါဘူးဟယ်... စင်္ကာပူက ကိုယ်စားလှယ်တစ်ယောက်က လမ်းကြုံတယ်ဆိုတာနဲ့ တစ်ခါတည်းလိုက်ပို့ပေးမယ်ဆိုပြီး နှောင်းလေးကို လိုက်ပို့ပေးလိုက်တယ်လေ"
"ဘာ!!! ဘယ်သူ... နေပါဦး စင်္ကာပူက ကိုယ်စားလှယ်ဆိုတာ ဝေယံဆိုတဲ့တစ်ယောက်လား"
"ဟင် မောင်လေးက ဘယ်လိုလုပ်သိတာလဲ"
"ဒါပဲအစ်မ... ပြီးမှ ပြန်ဆက်မယ်"
ပြောချင်ရာပြောပြီး ဖုန်းချသွားတဲ့ မောင်လေးကြောင့် မြတ်မှာ ဖုန်းကိုကြည့်ရင်း ကြောင်နေမိသည်။ ဒီကောင်လေး ဘာဖြစ်တာပါလိမ့်။
အစ်မနဲ့ဖုန်းပြောပြီးတာနဲ့ ကြည့်လက်စဖိုင်တွဲတွေကို ဒီအတိုင်းထားခဲ့ကာ မြေအောက်ကားပါကင်ရှိရာကို ဓာတ်လှေကားဖြင့် ဆင်းလိုက်သည်။ အလျင်လိုပါတယ်ဆိုမှ ဓာတ်လှေကားကပင် ကြာနေသယောင်။ ကားပါကင်ရောက်လို့ ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့ ကားရပ်ထားတဲ့နေရာကို အလောတကြီး ပြေးသွားကာ ကားစက်နှိုးပြီး မောင်းထွက်လာခဲ့သည်။ ကားမောင်းနေရင်း မ,ကို ဖုန်းခေါ်နေပေမယ့် မ,ရဲ့ဖုန်းက စက်ပိတ်ထားမြဲပင်။
