ဒီဒီပြောတာကို ဘာစကားမှပြန်မပြောဘဲ အကြည့်လွှဲသွားကာ စိတ်ရှုပ်သလို လေပူတစ်ချက်မှုတ်ထုတ်ပြီး အခန်းထဲက မှန်ပြတင်းပေါက်နားမှာ ဒီဒီ့ကို ကျောပေးပြီး ခါးထောက်ကာရပ်နေသည့် စေ့ပုံစံက ဒီဒီ ဓာတ်ပုံတွဲရိုက်ခဲ့ဖူးတဲ့ နိုင်ငံခြားက မော်ဒယ်တွေထက်တောင် ခန့်နေသေးသည်။ ငေးကြည့်နေရင်း ဒီအမျိုးသားက ဒီဒီ့အပိုင်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အတွေးကြောင့် ရင်တွေခုန်လာကာ စေ့နားကို တစ်လှမ်းချင်းတိုးလျှောက်လာပြီး စေ့ခါးကို လက်နှစ်ဖက်နဲ့တင်းကြပ်စွာဖက်ထားလိုက်ရင်း စေ့ကျောပြင်ပေါ်ကို မျက်နှာအပ်ထားလိုက်သည်။
သူပြောတာကို နားမထောင်ပေးဘူးဆို ထွက်သွားမှာမဟုတ်တဲ့ နဒီလှိုင်းကြောင့် စေ စိတ်ရှုပ်စွာဖြင့် မှန်ပြတင်းပေါက်နားမှာရပ်နေတုန်း နောက်ကျောဘက်ကနေ တိုးဖက်လာတဲ့အထိအတွေ့ကြောင့် စေ့ခါးကိုဖက်ထားတဲ့လက်နှစ်ဖက်ကို အတင်းရုန်းဖယ်ဖို့ ကြိုးစားလိုက်မိသည်။ စေက ရုန်းလေ နဒီလှိုင်းက တင်းကြပ်စွာဖက်ထားလေမို့ စေ ဒေါသတွေ ထွက်လာရသည်။
“န...ဒီ...လှိုင်း”
“ဟင့်အင်း”
“နဒီလှိုင်း လွှတ်စမ်း”
“ဟင့်အင်း.... စေ့ကို ဒီဒီချစ်တယ်..... လက်လွှတ်ဖို့ကြိုးစားပေမယ့်လည်း စေ့ကိုမြင်လိုက်တိုင်း ဒီဒီ့နှလုံးသားက နာကျင်နေတယ်သိလား...... ဒီဒီတို့ အရင်လို ပြန်တွဲရအောင်လေနော်..... ဒီဒီ လိမ္မာပါ့မယ်လို့ ကတိပေးပါတယ်..... အရင်တုန်းက ခဏတာ သာယာမှုနောက်ကို လိုက်မိလို့ စေ့ကို ဆုံးရှုံးလိုက်ရတာ ဟင့်...... ဒီဒီ့ကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါလားဟင်”
အားကုန်သုံးပြီး နဒီလှိုင်းရဲ့လက်တွေကိုဆွဲဖြုတ်လိုက်ကာ
“အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောမနေနဲ့ နဒီလှိုင်း..... မင်းနဲ့ငါနဲ့ဇာတ်လမ်းက လန်ဒန်မှာကတည်းက အဆုံးသတ်သွားခဲ့ပြီ..... အခု ငါ့မှာလည်း ငါ့အသက်ထက် ချစ်ရတဲ့ချစ်သူရှိနေပြီမို့ နောက်တစ်ခါ ဒီလိုမျိုး မသင့်တော်တဲ့အပြုအမူတွေကို ရှောင်ပေးပါ..... ခု ငါ့အခန်းထဲကနေ မင်းထွက်သွားလို့ရပြီ”
💕One & Only💕
Start from the beginning
