"ဒါဆို ခုနက စကားကို ပြန်ဆက်ရရင် အဲ့ကောင်က နှောင်းဆီကို ဘာလို့အန္တရာယ်ပြုရတာလဲ"

လင်းရဲ့အမေးစကားသံတို့အဆုံးမှာ အားလုံးရဲ့အကြည့်တွေက နှောင်းဆီရောက်လာသည်။ နှောင်း မောင့်ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ အာကာဟိန်းဆိုတဲ့သူကို အခန်းထဲမှာတွေ့တဲ့အချိန်ကစပြီး ဖြစ်ကြောင်းကုန်စင်ကို အားလုံးကို ပြောပြလိုက်သည်။ နောက်ပြီး နှောင်းတစ်ခါတစ်လေ ခံစားနေရတဲ့နှောင်းနောက်ကို လိုက်သလိုခံစားနေရတာတွေရော ပန်းစည်းကိစ္စတွေကိုရော အားလုံးကို ပြောပြလိုက်သည်။ နှောင်းစကားအဆုံးမှာတော့ နှောင်းပုခုံးကို ဖက်ထားတဲ့မောင့်လက်တွေက တင်းကြပ်သွားတာကို နှောင်းခံစားလိုက်ရသည်။

‌နှောင်းပြောတာကို နား‌ထောင်ပြီး လင်းမှာ အံ့သြ‌ဒေါသဖြစ်လွန်းလို့ တောက်တစ်ချက် ပြင်းပြင်းခေါက်ကာ

"အဲ့ကောင်က ဆိုက်ကိုပဲ..... နင့်က သူ့ကို ချစ်တယ် ကြိုက်တယ်ပြောခဲ့ဖူးတာလည်း မဟုတ်...... ဟိုးအရင်ကတည်းက နင် သူ့ကို ငြင်းထားခဲ့တဲ့ဟာကို...... ခုမှ ဘာတွေ လာကြောင်နေတာလဲမသိဘူးးးးး"

"စိတ်လျော့ပါ လင်းရယ်..... ဗိုက်ထဲက ကလေးလေး လန့်သွားပါဦးမယ်"

"ငါပြောတာမဟုတ်လို့လား ရောင်နီရဲ့....... ဒီကောင်လုပ်တာကြီးက တအားကြောက်ဖို့ကောင်းတယ်...... နှောင်းရဲ့အသက်ကိုပါ ရန်ရှာလာတာလေ....... နောက်ပြီးလည်း ကြည့်ဦး ဟိုမှာ...... ဘယ်လောက်တောင် နှာဗူးကျတဲ့လုပ်ရပ်လဲဆိုတာ"

လင်းက ပြောနေရင်း ကုတင်ပေါ်မှာ ပြန့်ကျဲနေတဲ့ နှောင်းရဲ့အတွင်းဝတ်တွေကို မေးငေါ့ပြတာကြောင့် နှောင်းမျက်နှာလေး ရဲသွားတာအမှန်ပင်။
တီမြိုင်ကတော့ သက်ပြင်းလေးချကာ

"ရဲကို တိုင်လိုက်ရင် ကောင်းမယ်ထင်တယ်နော်"

"ကျွန်တော့်အမြင်ကတော့ ရဲကိုတိုင်မယ်ဆိုရင်တောင် ဒီအတိုင်း အိမ်ကို သူခိုးဝင်တယ်ဆိုပြီးပဲ တိုင်လိုက်တာကောင်းမယ်...... ခု ဒီကောင်လုပ်သွားတဲ့တစ်ချို့ကိစ္စတွေကျ လူတွေပိုသိလေ ချဲ့ကားပြောကြမှာနဲ့ဆို နှောင်းငယ်ရဲ့ သိက္ခာပိုင်းကို ပိုထိခိုက်နိုင်တယ်လို့ထင်တယ်"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now