"ငါ....... ငါ ရောင်နီ့ကို စိတ်ဝင်စားခဲ့ဖူးတာကို ဘယ်သူ့ကိုမှ မပြောပါနဲ့နော်...... အထူးသဖြင့် ရောင်နီ့ကို"
"အင်းပါ စိတ်ချ"
နှစ်ယောက်သား ခေါင်းချင်းဆိုင်နေချိန် မောင်နဲ့ဦးနဲ့က အခန်းထဲ ဝင်လာပြီး ဆေးရုံဆင်းလို့ရပြီဖြစ်ကြောင်း ပြောလာတာမို့ လင်းက ကုတင်ပေါ်ကနေ ဖြေးညှင်းစွာဆင်းနေချိန် နှောင်းက လင်းရဲ့လက်မောင်းတစ်ဖက်ကို ထိန်းကိုင်ပေးဖို့ပြင်နေချိန် ဦးက လင်းရဲ့လက်မောင်းကို ထိန်းကိုင်လိုက်တာမို့ နှောင်း ဦးကို မျက်စောင်းထိုးလိုက်မိသည်။ ခုမှ အဖြစ်သည်းပြနေတာ။ မှတ်လောက်သားလောက်ရှိအောင် လင်း သူ့ကို စိတ်ဝင်စားခဲ့ဖူးတယ်ဆိုတဲ့အကြောင်း မပြောတော့ဘဲ နေလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
အပြန်တော့ မောင့်ကားနဲ့ပဲ ပြန်ကြတာမို့ နှောင်းက နောက်မှာပဲ လင်းနဲ့အတူတူထိုင်လိုက်လာလိုက်သည်။ ပြဿနာကတော့ တိုက်ခန်းကို ရောက်တဲ့အချိန်မှာ စဖြစ်တော့တာပင်။ နှောင်းက လင်းကို နှောင်းနဲ့အတူတူနေဖို့ နှောင်းအခန်းကို ခေါ်သွားဖို့ပြောပေမယ့် ဦးကတော့ လင်းကို သူနဲ့အတူတူလိုက်နေစေချင်နေသည်။ သူခေါ်မယ် ငါခေါ်မယ်နဲ့ တစ်ယောက်တစ်ခွန်းငြင်းနေကြစဥ် မောင်ကပဲ လင်းကို လောလောဆယ် မိဘတွေကို အသိမပေးရသေးခင် နှောင်းနဲ့သာ အတူတူနေဖို့ အကြံပြုလာတာမို့ မောင့်အကြံအတိုင်း နှောင်းလက်ခံလိုက်သည်။ ဦးကတော့ အီလည်လည်ရုပ်ကြီးဖြင့် မတ်တပ်မေ့သွားခဲ့ပုံပင်။
💕💕💕💕💕
နောက်တစ်နေ့မနက်မှာတော့ လေးနိုင်နဲ့တီမြိုင်တို့ကို ဖွင့်ပြောဖို့ စီစဥ်ထားပြီး နှောင်းတို့ရုံးဆင်းချိန်နဲ့ချိန်ကာ ညနေပိုင်း ထမင်းလက်ဆုံစားရင်း ပြောဖြစ်တော့ တီမြိုင်ကတော့ အကြီးအကျယ်ရှော့ဖြစ်သွားကာ သားဖြစ်သူ ဦးကိုလည်း မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တယ်ဆိုပြီး ဆူလိုက်သေးသည်။ သို့ပေမယ့် လင်းနဲ့ဦးကို သဘောမတူတာ ဘာညာမရှိဘဲ လင်းကို လိုလိုလားလားဖြင့် လက်ခံပေးတာကြောင့် နှောင်းမှာလင်းအစား ပျော်ရွှင်ကြည်နူးနေမိသည်။ နှောင်းတောင် ဒီလောက်ပျော်နေရင် ကာယကံရှင်ဖြစ်တဲ့လင်းဆို ဘယ်လောက်ပျော်နေလိုက်မလဲ။ လင်းက မင်္ဂလာဧည့်ခံပွဲမလုပ်ချင်တာကြောင့် တရားရုံးမှာလက်မှတ်ထိုးပြီး ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးချင်တယ်ဆိုတာကြောင့် အားလုံးက လင်းရဲ့ဆုံးဖြတ်ချက်ကို လက်ခံပေးပြီး တစ်ပတ်အတွင်း ရုံးတက်လက်မှတ်ထိုးလို့ရအောင် စီစဥ်ကြသည်။
ဦးနဲ့လင်းရဲ့ ရုံးတက်လက်မှတ််ထိုးတဲ့နေ့လေးမှာ ရာသီဥတုက အရမ်းကိုမှ သာယာပါသည်။ မိုးရာသီရောက်တော့မှာမို့ နေကသိပ်မမပူပဲ မိုးတိမ်မိုးသားတို့က အုံ့မှိုင်းမှိုင်းနဲ့မို့ အရမ်းပူလောက်အိုက်စပ်မနေပါ။ အဖြူရောင်ချိတ်ထဘီကို မြန်မာရင်ဖုံးအဖြူရောင်လေးနဲ့တွဲဖက်ဝတ်ဆင်ထားပြီး နောက်တွဲဆံထုံးလေးထုံးထားတဲ့လင်းက ဒီနေ့မှ ပိုပြီးလှနေသည်။ တရားရုံးမှာလက်မှတ်ထိုးတော့ မောင်နဲ့နှောင်းက အသိသက်သေနေရာက လက်မှတ်ထိုးပေးဖြစ်သည်။ နေ့လည်ပိုင်းမှာတော့ တီမြိုင်တို့ ကိုးကွယ်တဲ့ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေးအလှူလုပ်လိုက်ပြီး ညနေဘက်တော့ တီမြိုင်တို့ဆိုင်မှာပဲ နှောင်းတို့တွေပဲ စုပြီး မိသားစုညစာလေး စားလိုက်ကြရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖြစ်ခဲ့ကြသည်။
💕💕💕💕💕💕💕💕💕💕
အပိုင်း ၄၁ မျှော်
#haru_rin
ဒီရက်ထဲ ခရီးသွားတာနဲ့ ချော်လဲပြီး လက်ဆစ်ယောင်သွားပြီး နာနေတာမို့ စာကမရေးနိုင်ဖြစ်နေတာပါ ချစ်တို့ရေ.... ခုထိလက်က နာနေပေမယ့်လည်း ဖြည်းဖြည်းချင်းစီတော့ ရေးပေးနေပါတယ်နော်💕
💕YNO & LLM💕
Start from the beginning
