"မောင့်ဆံပင်လေးတွေက ပျော့နေတာပဲ.... အော် ဆော်ရီး.... ခေါင်းကိုင်လို့ရတယ်မလားဟင်"
"ရပါတယ် နှောင်းငယ်ရဲ့...... ဘာလို့မေးတာလဲ"
"ယောကျာ်းလေးတွေရဲ့ ခေါင်းကို ကိုင်ရင် ဘုန်းနိမ့်တယ်လို့ ပြောကြလို့လေ"
"မောင်ကတော့ အဲ့လိုအယူမရှိပါဘူး..... နောက်ပြီး နှောင်းငယ်က မောင့်ခေါင်းကို ခုမှကိုင်ဖူးတာလည်း မဟုတ်ဘဲနဲ့"
"ဟင်..... နှောင်း မကိုင်ဖူးပါဘူး မောင်ရဲ့"
"ဟုတ်လို့လား သေချာစဉ်းစားပါဦး"
"...................................................."
မျက်မှောင်လေးကြုတ်ကာ နားမလည်သလိုလေး ကြည့်နေတဲ့နှောင်းငယ်ကို စေ စချင်လာတာမို့
"အဲ့နေ့ကို မေ့သွားတယ်ဆိုတော့ မဖြစ်သေးပါဘူး နောက်မမေ့အောင် ခုပြန်ပြီး နွှေးပေးရမလား"
"ဟင်"
မောင်ပြောတာကို ပြန်စဉ်းစားနေရင်းမှ ဟိုတစ်ခါ မောင့်အိမ်မှာဖြစ်သွားတဲ့ အကြောင်းအရာတွေက ခေါင်းထဲမှာ ရုပ်ရှင်အနှေးပြကွက်လို ပြန်မြင်ယောင်လာတာမို့ နှောင်းမျက်နှာလေး ရဲတက်သွားသည်။ ဟုတ်ပါသည် အဲ့နေ့က နှောင်းမှာ မောင့်ခွင့်ပြုချက်ကိုတောင် မယူနိုင်ဘဲ မောင့်ခေါင်းကိုကိုင်ခဲ့တဲ့အပြင် မောင့်ဆံပင်တွေကိုပါ လက်နဲ့ထိုးဖွမိခဲ့သေးသည်။
"မောင်နော်"
စေပြောတဲ့အဓိပ္ပါယ်ကို ခုမှနားလည်သွားတဲ့နှောင်းငယ်က မျက်နှာလေးရဲတက်လာကာ စေ့ကို ဆောင့်ဆောင့်အောင့်အောင့်ဖြင့် အော်တော့လေသည်။ စေကတော့ ချစ်မဝနိုင်တဲ့ ချစ်ရသူလေးကို အသည်းယားလာတာကြောင့် ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားကာ ကျန်လက်တစ်ဖက်ကတော့ နှောင်းငယ်ရဲ့မျက်နှာထက် အနည်းငယ် အုပ်မိုးကျနေတဲ့ ဆံပင်လေးတွေကို နားနောက်မှာ ညှပ်တင်ပေးလိုက်ရင်း မျက်နှာအနှံ့ အနမ်းတို့ကို ဖြန့်ကျက်လိုက်မိရင်း နှုတ်ခမ်းဖူးဖူးလေးဆီမှာတော့ အနမ်းတို့ကို ရှည်ကြာစွာ ပုံဖော်မိတော့သည်။
နှောင်းငယ်ရဲ့အခန်းမှာ နာရီဝက်လောက် အနမ်းတွေကို ပုံဖော်နေရင်းမှ နှောင်းငယ်သူငယ်ချင်းက ရောက်လာရင် မျက်နှာပူမှာစိုးလို့ စေ နှောင်းငယ်ကို နှုတ်ဆက်ကာ ပြန်လိုက်သည်။ နှောင်းငယ်ရဲ့အခန်းဖြစ်တဲ့ ဒုတိယထပ်ကနေ ဆင်းလာပြီး မြေညီထပ်နဲ့ပထမထပ်ကြားက လှေကားထောင့်ချိုးမှာ အပေါ်ကိုတက်လာတဲ့ လူတစ်ယောက်နဲ့တိုက်မိသွားပြီး ထိုလူ့လက်ထဲက ပန်းနုရောင်နှင်းဆီပန်းစည်းက ပြုတ်ကျသွားလေသည်။
"ဆော်ရီးပါဗျ.... ကျွန်တော် မမြင်လိုက်လို့"
တကယ်လည်း စေ မမြင်မိတာပါ။ မမြင်မိဆို ထိုလူဝတ်ထားတာက အပေါ်အမည်း အောက်အမည်းအပြင်ကို ခေါင်းစွပ်အနွေးထည်ရဲ့ခေါင်းစွပ်ကိုပါ စွပ်ထားတာမို့ တစ်ကိုယ်လုံး နက်စွေးနေတာကြောင့်ပင်။ နှစ်ဦးနှစ်ဖက်မှားတာဆိုပေမယ့် စေ့ဘက်က အရင်တောင်းပန်စကားဆိုကာ ထိုလူပြုတ်ကျသွားတဲ့ပန်းစည်းကို ကောက်ပေးမယ်အလုပ်
"မထိနဲ့"
"ဗျာ"
"ပန်းစည်းကို မကိုင်နဲ့" ဟုဆိုကာ ပြုတ်ကျနေတဲ့ပန်းစည်းကို သူ့ဘာသာကောက်ယူပြီး အပေါ်ထပ်ကို တက်သွားတာကြောင့် စေ ကြောင်သွားရသည်။ ဘာလဲဟ။ အပေါ်ထပ် ၄လွှာလောက်ကို ဆက်တက်သွားတဲ့ထိုလူရဲ့ခြေသံကို ကြားလိုက်ရတာမို့ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စဟု သတ်မှတ်ကာ စေလည်း ကျန်တဲ့လှေကားထစ်တွေကို ဆင်းရင်း ထွက်လာခဲ့လိုက်သည်။ စေ့ကား မောင်းထွက်သွားတာကို တိုက်ရဲ့အပေါ်ဆုံး ရေစည်တွေတင်ထားတဲ့ လေဟာပြင်အထပ်ကနေ ငုံ့ကြည့်နေသူတစ်ယောက်ရှိလေသည်။ ထိုလူ့လက်ထဲမှာတော့ ပန်းနုရောင် နှင်းဆီပန်းစည်းလေးကို ကိုင်ထားလျက်............................။
💕💕💕💕💕💕💕💕💕💕
အပိုင်း ၃၇ မျှော်
#haru_rin
နောက်တစ်ပိုင်းက အင်္ဂါ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့လောက်မှ တင်နိုင်ပါမယ်နော်။ မိုးအရမ်းချုပ်ရင် မစောင့်ကြနဲ့နော် ချစ်သည်းလေးတို့ရေ..... အလုပ်ကအပြန် အားတဲ့အချိန်မှရေးတာဆိုတော့ သာသာတင်မယ့်အချိန်တွေက နောက်ကျနိုင်ပါတယ်ရှင့်😘
💕 Daffodil 💕
Start from the beginning
