💕💕💕💕💕
နှောင်းမွေးနေ့က ရုံးဖွင့်ရက်နဲ့တိုက်နေတာမို့ ဘုရားသွားပြီးတာနဲ့ မနက်စာဝင်စားကာ ကုမ္ပဏီသို့တန်းသွားရလေသည်။ နေ့လည်ထမင်းစားချိန်ရောက်တော့ Food Panda ကနေ ကြေးအိုးတစ်ပွဲမှာလိုက်ပြီး နေ့လည်စာကို ဖြေရှင်းလိုက်ကာ မောင်ပေးလိုက်တဲ့ စတော်ဘယ်ရီသီးတွေကိုတော့ ထမင်းစားပြီးချိန်မှာ အချိုတည်းတဲ့အနေနဲ့ ထပ်စားရင်း ဖုန်းကိုထုတ်ကာ IG သုံးနေလိုက်သည်။ IG မှာ ဒီမနက် ဘုရားမှာ ရိုက်ထားတဲ့ နှောင်းတစ်ယောက်တည်းပုံကို တင်ထားပြီး Happy Birthday to me ဆိုတဲ့ Caption နဲ့ မေမေ့ကိုလည်း မွေးဖွားပေးပြီး ပြုစုပျိုးထောင်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ရေးထားတဲ့ပိုစ့်အောက်မှာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားကြတဲ့ မန့်တွေကို ဝင်ဖတ်ကာ အသည်းလေးတွေ လိုက်ပေးမိသည်။ လင်းနဲ့ဦးတို့ကတော့ မနက်ရုံးရောက်တဲ့အချိန်လောက်မှာမှ ဖုန်းဆက်က လှမ်းဆုတောင်းပေးထားတဲ့အပြင် ခုလည်း IG Story မှာ နှောင်းကို မွေးနေ့ဆုမွန်းကောင်းတောင်းပေးထားကြသည်။ သူတို့ Story လေးတွေကို Repost အနေနဲ့ နှောင်းက ပြန်ပြီး Story Share ထားလိုက်သည်။
မောင်ကတော့ မနက်က ဘုရားပေါ်မှာ တစ်ခြားသူကို အကူအညီတောင်းကာ ရိုက်ထားတဲ့စုံတွဲပုံလေးကို IG Post အနေနဲ့တင်ကာ ဆုတောင်းပေးထားတာကြောင့် နှောင်းလည်း အသည်းပေးလိုက်ကာ ကျေးဇူးတင်ကြောင်း မန့်တစ်ခုကို ဝင်ရေးလိုက်ပြီး အသည်းပုံ Emoji လေးကိုပါ ထည့်ပေးလိုက်သည်။ ဖုန်းသုံးနေရင်း လင်းဆီက ဖုန်းဝင်လာတာမို့ ဖုန်းကိုင်လိုက်ကာ
"ဟယ်လို လင်း"
"အင်း နှောင်း ဒီညနေက တီမြိုင်တို့ဆီက ခါတိုင်းလို ရုံးဆင်းချိန်ပဲလား"
"ဟုတ်တယ်လေ ဘာလို့လဲ"
"ဟိုလေ.... ငါဒီမှာ ဂျူတီတစ်ဆိုင်းကို အစားဝင်ပေးရမှာမို့..... ဒီညနေတော့ ငါမလာနိုင်တော့ဘူးထင်တယ်ဟ"
"ဟင် နင်ကလည်း.... ငါ့မွေးနေ့တိုင်း အတူတူရှိနေကြကို..... ခွင့်ယူလို့မရဘူးလား"
"မရလို့ဟ..... ည ၉နာရီမှာ ဂျူတီချိန်ပြီးမှာမို့ ၁၀နာရီလောက်မှ ပြန်ရောက်မယ်ထင်တယ်"
💕 Daffodil 💕
Start from the beginning
