"မောင်က အရမ်းတော်တာပဲနော်"
"နောက်ပြီး ဒီဆွဲကြိုးမှာ ထူးခြားတာ တစ်ခုပါတယ်..... ဒီမှာကြည့်"
ဆွဲကြိုးက လော့ကတ်လေး တစ်လုံးတည်းပါကာ ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းကို လှတာဖြစ်သည်။ မောင်က လော့ကတ် အနောက်ဘက်ကို ပြတော့ နှောင်းကြည့်လိုက်ချိန် လော့ကတ်နောက်မှာ Hnaung ဆိုပြီး စာလေးထွင်းထားလေသည်။ ထိုစာလေးကို နှောင်းမြင်လိုက်ရချိန်မှာ အံ့သြသွားမိသည်။
"နှောင်းငယ်အတွက် မောင် သေချာလေး မှာပေးထားတာ.... ဒီဆွဲကြိုးလေးက နှောင်းငယ်အတွက် သီးသန့်...... သဘောကျလား"
"အွန်း အများကြီး သဘောကျတယ်"
"အဟွန့်.... လာ မောင်ဝတ်ပေးမယ်...... ဟိုဘက်နည်းနည်းလှည့်"
မောင့်စကားကို နာခံစွာဖြင့် နှောင်း ထိုင်နေရာမှ ခန္ဓာကိုယ်ကို အနည်းငယ်စောင်းပေးလိုက်တော့ မောင်က နှောင်းကို ဆွဲကြိုးလေး ဝတ်ပေးလာသည်။ ထို့နောက် နှောင်းရဲ့လည်တိုင်လေးကို နောက်ကနေ ခပ်ဖွဖွနမ်းရှိုက်လိုက်သေးသည်။ နှောင်း ဒီဘက်ပြန်လှည့်လာချိန်မှာတော့ မောင်က နှောင်းကို သေချာကြည့်ကာ
"အရမ်းလှတယ်"
နှောင်း မောင့်ကို ပြုံးပြလိုက်တော့ မောင်က နှောင်းနဖူးလေးကို နမ်းပြန်သည်။ ပြီးတော့မှ
"မောင်တို့သွားရအောင် နောက်တောင်ကျနေပြီ"
"ဟုတ်"
"အော် ဒီမှာ နှောင်းငယ်အတွက် မန်းမြို့တော်ပေါက်စီနဲ့ စီလုံတီး..... အဆာပြေ အရင်စားထားလိုက်.... ဘုရားက ပြန်ဆင်းတော့မှ တစ်ခုခုသွားစားကြမယ်နော်"
"ဟုတ်"
မောင်ကမ်းပေးတဲ့ ပေါက်စီနဲ့ ဓာတ်ဘူးလေးကို ယူကာ ဓာတ်ဘူးကို ကားထဲက အံခွက်လေးထဲ အရင်ထည့်ထားပြီး ပေါက်စီအိတ်ကို ပေါင်ပေါ်တင်ကာ အိတ်ကိုဖွင့်ကာ ပေါက်စီတစ်လုံးကို အောက်ခံစက္ကူကို ခွာလိုက်သည်။ ပြီးတာနဲ့ လက်နဲ့ တစ်ကိုက်စာ စားလို့ရလောက်အောင် အရင်ဖဲ့ကာ မောင့်ပါးစပ်နား တိုးပေးကာ
"မောင်လည်း စားဦး"
ကားမောင်းနေရင်း နှောင်းငယ်က ဘေးကနေ ခွံ့ကျွေးတာကို စားကာ ဘုရားသွားတဲ့လမ်းမထက်မှာ စေ့ကားလေးက ပြေးလွှားနေတော့သည်။
💕 Daffodil 💕
Start from the beginning
