နှောင်းငယ်အိမ်ဘက်ကို သွားတဲ့လမ်းမှာ မန်းမြို့တော်လက်ဖက်ရည်ဆိုင်ရှိတာကြောင့် ထိုလက်ဖက်ရည်ဆိုင်ကနေ ကြက်သားပေါက်စီ ၂လုံးနဲ့ စီလုံတီး ၂ခွက်ဝယ်ကာ စီလုံတီးကိုတော့ အပူခံဓာတ်ဘူးလေးထဲပဲ ထည့်ခဲ့လိုက်သည်။ ဝယ်ခြမ်းပြီးတော့မှ နှောင်းငယ်ကို ဖုန်းဆက်လိုက်တော့ အိပ်ချင်မူးတူးအသံလေးက ခပ်အက်အက်လေး ထွက်ပေါ်လာသည်။
"ဟယ်လို"
"မောင်ထွက်လာပြီနော် နှောင်းငယ်..... ထတော့နော်"
"မောင်ကလည်း ခုမှ ၆နာရီရှိသေးတာ နောက်နာရီဝက်လောက်မှ နှိုးပါလားဟင်"
ဗလုံးဗထွေးပြောနေတဲ့ အိပ်ချင်မူးတူးအသံလေးကြောင့် စေပြုံးလိုက်ရင်း
"နှောင်းငယ်ပဲ မနက်စောစောဘုရားသွားချင်တာဆို.... ဒီအချိန်လောက်ထပြီး ပြင်ဆင်မှ နှောင်းငယ် ဘုရားကို စောစောရောက်မှာလေ..... မဟုတ်ရင် နေပူလာလိမ့်မယ်"
မောင်ပြောတာလည်း မှန်နေတာကြောင့် နှောင်းအပျင်းမကြီးတော့ဘဲ အိပ်ချင်စိတ်ကို အတင်းဖျောက်ကာ
"အင်းပါ..... ဒါဆို မောင်ရောက်ရင် ဖုန်းဆက်လိုက်နော်"
"အိုခေ"
"ရေကို ချက်ချင်းမချိုးနဲ့နော်.... ရေတစ်ခွက်အရင်သောက်လိုက်ဦး"
"အွန်းပါဆို"
ဖုန်းချပြီးတာနဲ့ နှောင်း ရေချိုးဖို့ ပြင်ဆင်ရတော့သည်။ မောင်ပြောသလို ရေတစ်ခွက်အရင်သောက်လိုက်ပြီး ရေချိုးခန်းထဲ ဝင်ကာ ရေချိုးလိုက်သည်။ ရေချိုးလိုက်တော့မှ အိပ်ချင်စိတ်တွေလည်း ပျောက်ကာ လူက လန်းဆန်းသွားတော့သည်။ ရေချိုးခန်းကထွက်လာပြီး နာရီကြည့်လိုက်တော့ ၆နာရီ၂၀ ဖြစ်နေပြီမို့ ထုံးစံအတိုင်း ကပျာကယာနဲ့ အမြန်ပြင်ဆင်ရတော့သည်။ ဘုရားသွားမှာမို့ မြန်မာဝတ်စုံဝမ်းဆက်လေး ထုတ်ဝတ်လိုက်ကာ ဆံပင်တစ်ဝက်ကို ပုလဲဆံညှပ်လေးနဲ့ ညှပ်လိုက်ပြီး ကျန်တစ်ဝက်ကိုတော့ ဒီအတိုင်းချထားလိုက်သည်။ ထိုအချိန်မောင့်ဆီကနေ ရောက်ပြီဆိုတဲ့ စာဝင်လာတာကြောင့် အမြန်လတ်စသတ်ပြီးတာနဲ့ ဒေါက်အပါးလေးပါတဲ့ ဖိနပ်ကိုစီးကာ အောက်ကို ဆင်းလာလိုက်သည်။
💕 Daffodil 💕
Start from the beginning
