"ဘယ်လို"
"တွေ့မှပဲ ပြောတော့မယ်ဟာ… အချိန်နဲ့နေရာကို ငါ မနက်ကျရင် ပြန်ပြောပေးမယ်… ကောင်းကောင်းနဲ့စေ့ကိုပါ အပါခေါ်ခဲ့နော်… ငါတို့အားလုံးတူတူမဆုံရတာ ကြာပြီလေ"
"ဟမ်… စေက"
"ဒါပဲနော်… ငါခရီးပမ်းလာလို့ နားချင်နေပြီ"
ရတီပြောလာမယ့် အကြောင်းပြချက်ကို ကြိုသိနေတာကြောင့် ဒီဒီ့ဘက်က အရင်ဦးအောင် ဖုန်းကိုချလိုက်မိသည်။ ထို့နောက် ကုတင်ပေါ် ကန့်လန့်ဖြတ်လှဲချကာ အတွေးတွေကို နောက်ပြန်ရစ်လိုက်တော့ မျက်ရည်ဝဲလာတာကြောင့် မျက်နှာကျက်ကို ကြည့်နေတဲ့ အမြင်တွေက ဝေဝါးလာသည်။
အတိတ်နေ့ရက်တွေကို ပြန်တွေးကြည့်ရရင် ဒီဒီ ၈တန်းနှစ် ရင်ခုန်တတ်စအရွယ်မှာ ပထမဆုံး ရင်ခုန်ခဲ့မိတဲ့ ယောကျာ်းလေးဟာ စေညွှန်ရာဆိုတဲ့ သူငယ်ချင်းကောင်လေးပင်။ စေ့ကို ဒီဒီစိတ်ဝင်စားနေမှန်း သူငယ်ချင်းတွေကပင် သိလာတော့ ဝိုင်းစကြ နောက်ကြနဲ့ Friendship to Relationship အဆင့်ကို ရောက်လာခဲ့တာဖြစ်သည်။
ဆယ်တန်းဖြေပြီးခါစ အရွယ်မှာတင် ချစ်သူတွေဖြစ်ခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်ချစ်ခဲ့ကြပါသည်။ တွဲခါစ ၂နှစ်လောက်မှာ ဘာပြဿနာမှမရှိဘဲ ပျော်ရွှင်ခဲ့သမျှက လန်ဒန်မှာ ကျောင်းသွားတက်တဲ့အချိန်မှာတော့ ပြဿနာသေးသေးမွှားမွှားလေးတွေ စပြီး တက်တော့တာပင်။ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ပင်ပန်းတာကတစ်မျိုး ဒီဒီ့မိဘတွေဘက်က စေ့နဲ့သဘောမတူလို့ နားပူတာက တစ်မျိုးနဲ့မို့ ဒီဒီ ဘယ်လောက်စိတ်ညစ်ခဲ့ရလဲဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးပင်။
ဝဏ္ဏက ဒီဒီ့ကို သဘောကျနေကြောင်းကို စေနဲ့ချစ်သူတွေ မဖြစ်ခင်က ဖွင့်ပြောထားပေမယ့် ဒီဒီကတော့ စေ့ကိုပဲ သဘောကျတာကြောင့် ဖွင့်ပြောတဲ့နေ့ကတည်းက ငြင်းခဲ့ပြီးသားပင်။ သို့ပေမယ့် သူငယ်ချင်းတွေကြားမှာ မျက်နှာပူစရာဖြစ်မှာစိုးတာကြောင့် နှစ်ယောက်စလုံး ဒီကိစ္စကို တစ်ခြားသူတွေကို ပေးမသိဖို့ ဆုံးဖြတ်ထားခဲ့ပြီးသားပင်။ ဒါပေမယ့် ဝဏ္ဏက ဒီဒီ့ကို သဘောကျနေတယ်ဆိုတာကို ဘယ်ကနေဘယ်လို ဒီဒီ့မိဘတွေက သိသွားလဲ မပြောတတ်ပေမယ့် ထိုအချိန်ကစပြီး ဒီဒီ့ကို ဝဏ္ဏနဲ့သာ သဘောတူကြောင်း စေနဲ့က ချစ်သူရည်းစားအနေနဲ့ အပျော်တွဲတာမျိုးလောက်ထိပဲ လက်ခံပေးပြီး ဒီဒီ့အိမ်ထောင်ဘက်အနေနဲ့တော့ ဘယ်လိုမှ သဘောမတူကြောင်းဆိုတာတွေကို ဖုန်းဆက်တိုင်းအမြဲပြောတာကြောင့် ဒီဒီ့မှာ မိဘနဲ့ချစ်သူကြား ဗျာများခဲ့ရသည်။
