စေ မြန်မာနိုင်ငံကို ခဏပြန်လာတာလို့ပဲ ဒီဒီ သိထားတာမို့ ရိုက်ကူးရေးပြီးတဲ့အချိန်ဆို စေလည်း လန်ဒန်ပြန်‌ရောက်လောက်ပြီမို့ အဲ့တော့မှ စေ့ဆီသွားရင်း ဖြစ်ခဲ့သမျှအတွက် တောင်းပန်ကာ ပြန်ချော့ပြီး နှစ်ကိုယ်တူ ချစ်ခရီးကို ပြန်ဆက်မယ်လို့တွေးထားတာ။

ခုတော့ ဘန်ကောက်မှာ ရိုက်ကူးရေးလုပ်နေစဉ်အတွင်းမှာ စေ့ဘက်က ပုံမှန်မဟုတ်တဲ့ပိုစ့်တွေကို တင်နေပေမယ့် စိတ်ထဲမှာတော့ ထင့်နေပြီဖြစ်သည်။ ရိုက်ကူးရေးလက်စ မပြတ်သေးတာကြောင့် စေရှိတဲ့ရန်ကုန်ကို ချက်ချင်းမလာနိုင်သေးပေမယ့် စေ့ကို အမြဲစောင့်ကြည့်‌နေတာမို့ စေ့ဘက်က Official ကြေညာလိုက်ချိန်မှာတော့ ဒီဒီ့မှာ လုံးဝ Shock ဖြစ်သွားရသည်။ စေညွှန်ရာလိုလူမျိုးက အသည်းအသန်ဖြစ်နေရလောက်အောင် ထိုမိန်းကလေးက ချောတော့လားဆိုတော့လည်း သာမာန်ရုပ်ရည်မျိုးသာ။

ဒီဒီနဲ့တွဲတုန်းကတော့ လူသိရှင်ကြားတွဲတယ်ဆိုပေမယ့် စေက သူ့အကောင့်မှာ ဒီဒီနဲ့ပုံ ၂ပုံလားပဲ တင်ဖူးသည်။ ဒါတောင် Anni ဒိတ်လောက်သာ။ ခုတော့ဖြင့် စေ့အကောင့်မှာ ခုလက်ရှိသူ့ရည်းစားနဲ့ပုံတွေဆိုတာ တပုံတပင်ပင်။ နောက်ဆုံးတော့ ဒီဒီမှာ ရိုက်ကူးရေးပြီးတာနဲ့ ချက်ချင်းရန်ကုန်ကို ပြန်လာရတဲ့အထိ ရင်ထဲမှာ ပူလောင်နေတာဖြစ်သည်။

စေ့ကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်တာမို့ စေ့နှလုံးသားကို အပိုင်ရဖို့အတွက် စီစဉ်ရတော့မှာမို့ စေ့နဲ့အခင်အမင်မပြတ်တဲ့ ကောင်းကောင်းနဲ့ရတီ့ဆီကနေ ဒီဒီမသိသေးတဲ့အကြောင်းအရာတွေ သိရဖို့အတွက် ရတီ့ဆီကိုဖုန်းခေါ်လိုက်သည်။

"ဟယ်လို ရတီ"

"ဟယ်လို စူပါစတားကြီး… ပြန်ရောက်လာတာကို ကြိုမပြောဘူး… ငါလာကြိုမှာပေါ့"

"ရပါတယ်… ငါလည်း Urgent ဖြစ်သွားတာမို့ မပြောဖြစ်လိုက်တာ… ငါတို့တွေ ဆုံရအောင်လေ"

"အင်း တွေ့ကြတာပေါ့… နင်ဘယ်နေ့အဆင်ပြေလဲ"

"မနက်ဖြန်ညနေဆိုရင်ရော"

"ရတယ်… ဒါနဲ့ ဝဏ္ဏရော နင်နဲ့အတူ ပြန်လာတာလား"

"သူက ဘာလို့ငါနဲ့အတူပြန်လာရမှာလဲဟ… သူနဲ့ ငါနဲ့ဇာတ်လမ်းက ပြတ်သွားပြီ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now