ပြောနေရင်း နှောင်းပါးကို လာနမ်းနေတဲ့မောင့်ကြောင့် နှောင်း တခစ်ခစ်နဲ့ရယ်လိုက်မိသည်။
"ရေချိုးထားတာလား"
"အင်း ဟုတ်တယ်… နှောင်းချိုးလို့ရတယ်မလားဟင်… လူက အရမ်းနုံးနေလို့ ရေချိုးချင်တာနဲ့ချိုးလိုက်တာ… ဒါနဲ့ နေပါဦး နှောင်းမေးပါဦးမယ်… မောင့်အိမ်က ဒီလောက်အကျယ်ကြီးကို ဘာလို့ ရေချိုးခန်းက တစ်ခန်းထဲရှိတာလဲ နောက်ပြီး ပန်းချီဆွဲတဲ့ခန်းတော့ ထားပါတော့… အိပ်ခန်းကရော ဘာလို့တစ်ခန်းတည်း ထားထားရတာလဲ"
"ပစ္စည်းတွေထည့်ထားတဲ့အခန်းက မရှင်းဖြစ်သေးလို့ပါ… အမှန်က အဲ့အခန်းကို အိပ်ခန်းတစ်ခန်းအနေနဲ့ထားဖို့… ဒါပေမယ့် မောင့်ဆီကို ညအိပ်ညနေ ဧည့်သည်လာဖို့မှမရှိတာ မ,ရဲ့… အဲ့တော့ မရှင်းသေးဘဲ ဒီအတိုင်းထားလိုက်တာ"
"ဟွန့် မောင်ကလည်း… ဧည့်သည်လာစရာမရှိလို့ပဲ ဖြစ်ရသေးတယ်… ခုလို နှောင်းက ရုတ်တရက်ရောက်လာတော့ ဘယ်လိုလုပ်မလဲ… ရေချိုးခန်းလည်း မောင့်ရေချိုးခန်းသုံးရတယ်… အိပ်တော့လည်း မောင့်အိပ်ယာမှာအိပ်ရတယ် အားနားစရာကြီးကို"
"မ,က ဧည့်သည်မှမဟုတ်ဘဲ ဘာအားနာစရာရှိလဲ"
"ဟင်"
"ဟုတ်တယ်လေ အိမ်ပိုင်ရှင်ကိုတောင် အပိုင်ရထားပြီးပြီပဲကို ခုထိ ဧည့်သည်လို့ထင်နေတုန်းလား"
"မောင်နော်"
ရှက်သွားကာ မျက်နှာလေးရဲသွားတဲ့ မ,က အိပ်နေရာက လူးလဲထကာ ကုတင်ပေါ်မှာ ငုတ်တုပ်လေးထထိုင်လေသည်။
"လာပါဦးဗျာ… ခုထိ သေချာအလွမ်းမသယ်ရသေးဘူး… ဖက်ထားချင်လို့"
စေက နဂိုအနေအထားတိုင်း ကုတင်ပေါ်ထိုင်နေရင်း လက်ကို ဆန့်တန်းက ရင်ဖွင့်ကြိုဆိုလိုက်တော့ မ,က ထိုင်နေရင်း စေ့ကို လှမ်းဖက်လာလေသည်။
"လွမ်းလိုက်တာဗျာ"
လွမ်းလိုက်တာဟု ပါးစပ်ကရေရွတ်ရင်း နှောင်းခါးကို တင်းကြပ်စွာ ဖက်ထားတဲ့မောင့်ကို နှောင်းလည်း ပြန်ဖက်ထားလိုက်မိသည်။ နှောင်းလည်း လွမ်းနေခဲ့တာမလား။ မောင်က နှောင်းပုခုံးကို တစ်ချက်နမ်းလိုက်ရင်း တင်းကြပ်စွာ ဖက်ထားရင်းနဲ့မှ နှောင်းမျက်နှာကို ကြည့်လာသည်။ မောင့်အကြည့်တွေကို နားလည်နေတာကြောင့် နှောင်း ရှက်ပြုံးလေးပြုံးလိုက်မိသည် ထင်ပါတယ်။ နှောင်း နှုတ်ခမ်းထက် မောင့်နှုတ်ခမ်းပါးတို့ ထိကပ်သွားချိန်မှာတော့ နှောင်းမျက်ဝန်းတွေကို အလိုလိုပိတ်လိုက်မိသည်။
💕Home Sweet Home💕
Start from the beginning
