မျက်နှာလေးပဲဖော်ကာ စောင်ကိုလုံအောင်ခြုံပြီး အိပ်ပျော်နေတဲ့ မ,ရဲ့မျက်နှာလေးဟာ အဖျားသွေးကြောင့် ခပ်ရဲရဲလေးဖြစ်နေပြီး အိပ်နေတာတောင် ချစ်ဖို့ကောင်းလွန်းလှသည်။ အိပ်နေတဲ့ မ,ရဲ့ပါးပြင်လေးကို လက်ဖဝါးလေးနဲ့ အသာပွတ်သပ်လိုက်ပြီး နဖူးလေးကို အနမ်းခြွေလိုက်သည်။ မ,ကို ဘယ်လောက်ထိချစ်လဲဆိုတာ တစ်နေ့တစ်ခြား ပိုပိုသိလာပြီး သေချာလာခဲ့ပြီမို့ ဘယ်တော့မှ မ,ရဲ့လက်ကို ဖြုတ်ဖို့ဆန္ဒမရှိပေ။
ထို့နောက် ထိုင်ရာမှထကာ မ,ရဲ့အခန်းကို ခြေသံဖွဖွနင်းပြီး လိုက်ကြည့်မိသည်။ ဒီနေရာက မ,နေတဲ့နေရာ၊ မ,နေတဲ့အခန်း၊ မ,ရဲ့အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့အခန်းဆိုတဲ့ အသိက စေ့ရင်ကို အဆမတန် ခုန်စေသည်။
အခန်းက ကျဉ်းပေမယ့် သူ့နေရာနဲ့သူမို့ ကြည့်ရတာ မကျဉ်းကြပ်ပေ။ ဓာတ်ပုံဘောင်လေးနဲ့ တင်ထားတဲ့ မ,ရဲ့အမေပုံကိုကြည့်ပြီး စေ့စိတ်ထဲမှာ ပြောလိုက်မိတာက "မ,ကို အမြတ်တနိုးတန်ဖိုးထားပြီးချစ်သွားမှာမို့ ကျွန်တော့်လက်ထဲမှာ စိတ်ချထားခဲ့ပါ အမေ"လို့ တိုင်တည်ပြောလိုက်သည်။
💕💕💕💕💕
အိပ်နေရာကနေ ဆတ်ခနဲလန့်နိုးသွားတာမို့ လူက တုန်သွားသည်။ အနားကိုလျှောက်လာတဲ့ ခြေသံကိုကြားလိုက်ရပြီး မွှေးပျံ့နေတဲ့ ရင်းနှီးနေပြီးသား ကိုယ်သင်းနံ့ကြောင့် နှောင်းပြုံးလိုက်မိသည်။
"နိုးပြီလား မ, အိမ်မက်ဆိုးမက်လို့လား"
"ဟင့်အင်း မဟုတ်ပါဘူး... ဒီအတိုင်း နိုးလာတာ"
မောင်က နှောင်းကို ပြုံးကြည့်နေရင်း အိပ်ထားတာမို့ မျက်နှာမှာ ဟိုတစ်စဒီတစ်စကပ်နေတဲ့ဆံပင်လေးတွေကို အသာအယာသပ်တင်ပေးရင်း နဖူးနဲ့ပါးလေးကိုပါ တစ်ပါတည်းစမ်းလိုက်ပြီး
"ကိုယ်ပူကတော့ ကျသွားပြီ... ဒါပေမယ့် ဆေးပတ်လည်အောင် ညစာစားပြီး နောက်တစ်လုံးသောက်လိုက်နော်... အခုရော နေရတာဘယ်လိုနေလဲ"
"ခေါင်းနည်းနည်းမူးပြီး နှာခေါင်းပိတ်နေတာကလွဲရင် အဆင်ပြေပါတယ်... ဒါနဲ့ ဘယ်အချိန်ရှိပြီလဲ"
💕First Time Visit💕
Start from the beginning
