"မင်းတို့က ငါ့ရဲ့အထိန်းတော်တွေလား ဟျောင်းရဲ့အထိန်းတော်တွေလား"

"မင်းသားရဲ့အထိန်းတော်တွေပါ မင်းသားငယ်"

"အဲ့ဒါဆို ငါ့စကားကို နားမထောင်ဘဲ ဘာလို့ ဟျောင်းစကားပဲနားထောင်တာလဲ"

"ဟို ဟို အဲ့ဒါက..."

အထိန်းတော်ကြီးလည်း တကယ်ကိုအခက်တွေ့နေလေပြီ။

ရှေ့မှာရှိတဲ့ အိမ်ရှေ့စံလေးကလည်း စိတ်က လက်တစ်ဆစ်ရယ် သူလုပ်ချင်တာမလုပ်ရရင် သူတို့ကို ပြဿနာရှာလို့ပြီးမှာ မဟုတ်တော့ဘူး။

အိမ်ရှေ့စံကိုကြောက်လို့ သူ့သဘောအတိုင်း လိုက်လျောလိုက်ပြန်ရင်လည်း ထပ်တွေ့မှာက အိမ်ရှေ့စံထက် ပိုကြောက်ဖို့ကောင်းတဲ့ အေးစက်စက်မျက်လုံးတွေနဲ့ သခင်လေးဟီဆွန်း။ တစ်ခါလေးများ အိမ်ရှေ့စံနဲ့ပက်သက်ပြီး သူပြောခဲ့သလိုမဖြစ်ရင် အကုန်လုံးကို စူးစိုက်ကြည့်ပြီး အပြစ်ပေးတာ သခင်လေးသာ နဂါးဆိုရင် သူတို့တွေ ပြာကျနေတာကြာပြီ။

ဒီနှစ်ယောက်ကြား အထိန်းတော်ကြီး ခဏခဏအကျပ်ရိုက်ရလွန်းလို့ ဆံပင်တွေတောင်ဖြူနေ‌လေပြီ။

"အထိန်းတော်ကြီးကို ဘာတွေခက်ခဲအောင်လုပ်နေပြန်ပြီလဲ ယွန်းလေး"

ထိုအချိန်မှာပဲ နန်းဆောင်တံခါးဝဆီမှ အသံကြောင့် အထိန်းတော်ကြီး ထခုန်မိမတတ်ပျော်သွားသောစိတ်ကို ထိန်းချုပ်ကာ နောက်လှည့်၍ အရိုအသေပေးလိုက်ပြီး အခန်းအပြင်သို့ ထွက်သွားလေသည်။

အိမ်ရှေ့စံကတော့ အခန်းဝမှဟီဆွန်းကို တစ်ချက်သာလှည့်ကြည့်ပြီး ပြတင်းတံခါးဘေးက စားပွဲခုံတွင်သာ သွားထိုင်ပြီး မက်မွန်ပွင့်လက်ဖက်ရည်ကို သောက်နေလိုက်လေသည်။

ဟုတ်တယ်လေ ဟီဆွန်းဟျောင်းရောက်လာပြီဆိုမှတော့ သူအပြင်မထွက်ရဖို့က သေချာသွားပြီလေ။

သူ့ကိုအဖက်မလုပ်ပဲ လှည့်ထွက်သွားသော အိမ်ရှေ့စံကိုကြည့်ပြီး ဟီဆွန်းတိုးတိုးလေး ကြိတ်ရယ်မိလေသည်။

ထို့နောက် မျက်နှာကို ပြန်တည်လိုက်ပြီး ရှေ့မှ အိမ်ရှေ့စံလေး လှည့်ကြည့်လာအောင် ရင်ဘတ်တစ်နေရာအား လက်ဖြင့်ဖိထားကာ နာကျင်သည့်အသံတစ်ချက်ပြုလိုက်လေသည်။

Rewrite The StarsWhere stories live. Discover now