20. If home is a person

1.5K 118 18
                                    

( Uni )

ဉာဏ် အိပ်ရာကနိုးလာတော့ ညက သူ မနည်းချော့လိုက်ရသည့် တစ်ယောက်သောသူက သူ့လက်ကိုဆွဲချိတ်ထားပြီး အိပ်ပျော်နေဆဲပါ။ ဟိုးတုန်းကလို သူထွက်သွားမှာကို ယံယံက ကြောက်နေတုန်းပဲထင်ပါရဲ့။ ယံယံ့စိတ်ထဲက စိုးရိမ်မှုတွေကို ပျောက်ကွယ်သွားအောင် ဉာဏ်ကြိုးစားရပါဦးမည်။

အိပ်ပျော်နေသည့် မျက်နှာလေးကိုကြည့်ပြီး နဖူးပေါ်ကိုအနမ်းခြွေမိသည့်အခါ ပိတ်ထားသည့်မျက်ခွံများက တဖြည်းဖြည်းပွင့်လာပြီး ဉာဏ့်ကိုမြင်သည်နှင့်တပြိုင်နက် နှုတ်ခမ်းပေါ်မှာ အပြုံးသေးသေးလေးပေါ်လာသည်။

" အိပ်မက် မဟုတ်ဘူးဘဲ "

ဉာဏ့်ကို ပြောတာမဟုတ်ဘဲ ယံယံက သူ့ဟာသူရေရွတ်ပြီးမှ ဉာဏ့်အနားတိုးဖက်လာကာ ရင်ဘတ်ပေါ်အထိ ခေါင်းတင်လာ၏။

" ဘာကိုလဲ ယံယံ "

" မင်းကိုပြန်တွေ့ရတာကိုလေ ... အခုထိ မယုံနိုင်သေးလို့ ... နေ့တိုင်းနေ့ အိပ်မက်များလားဆိုပြီး နိုးလာမှာကို ကြောက်နေတာ "

သည်လိုကြားရတာ ဉာဏ်တကယ်စိတ်မကောင်းပါ။ ထိုအချိန်တုန်းကသာ ဉာဏ့်ဘက်က ယံယံ့ကို စပြီးဆက်သွယ်ခဲ့လိုက်လျှင သူတို့ အခုလို ဝေးကြရမှာမဟုတ်။ သူ့စိတ်ကို နည်းနည်းအားတင်းပြီး ရင်ဆိုင်ကြည့်ခဲ့သင့်သည်။ ဒါမှမဟုတ်လည်း ကနေဒါကနေ ဒီ့ထက်ပိုပြီး စောစောပြန်လာခဲ့သင့်သည်။ အခုတော့ ယံယံက ငယ်သူငယ်ချင်းကိုလည်း ဆုံးရှုံးခဲ့ရသည့်အပြင် ဉာဏ်ပြန်ရောက်လာတာကိုပါ မယုံရဲသည့်စိတ်တွေနှင့် အပြည့်အဝမပျော်နိုင်ရှာ။

" ဘာလို့ ငြိမ်သွားတာလဲ ဉာဏ် "

" ငါထွက်သွားခဲ့မိတာကို နောင်တရသွားလို့ပါ ... မင်းသိတယ်မလား ....ငါက ဟိုးငယ်ငယ်ကတည်းက တစ်ခုခုဆို ရင်ဆိုင်မကြည့်ဘဲ လွယ်လွယ် လက်လျှော့တတ်တာကို "

သူတို့ပထမဆုံးတွေ့တုန်းက ငါးတန်းကလေးတွေနှင့်ဖြစ်တဲ့ကိစ္စကိုပါ ဉာဏ်က သတိရပြီး ပြောခြင်းပင် ။

" ငါ အဲဒီနေ့တုန်းက မင်းနောက်ကို လိုက်ခဲ့သင့်တာ ... ဒါမှမဟုတ်လဲ တစ်ပတ်လုံးလုံး ဒီတိုင်းထိုင်စောင့်နေမဲ့အစား မင်းကိုဆက်သွယ်ပြီး လိုက်ရှာခဲ့သင့်တာ ...ငါ တော်တော်််အသုံးမကျတာပဲ "

My Youth Was Yours  ( Completed )Where stories live. Discover now