18. The girl in the white shirt

1.5K 125 13
                                    

( Uni )

သည်မနက် ဉာဏ်အိပ်ရာကနိုးတော့ အရင်နေ့တွေလို သူ့ဘေးမှာ အိပ်ပျော်နေသော Danielလေး မရှိပါ။ မနေ့ကတည်းက ယံယံက Danielကိုကျောင်းကြိုပြီး မိဘတွေဆီ သွားပို့ခဲ့တာဖြစ်သည်။ ယံယံရော၊ Danielပါမရှိသည့် ဉာဏ့်စနေနေ့က အရင်ကထက်ပင် ပိုပြီးပျင်းရိငြီးငွေ့စရာကောင်းလှ၏။

အိပ်ရာကထ ရေချိုးပြီး မနက်စာအတွက် ကော်ဖီဖျော်ပြီးတော့လည်း ကိုယ့်ကော်ဖီကိုယ်စိတ်တိုင်းကမကျ။

ကနေဒါမှာ ဆယ်နှစ်လုံးလုံး ကိုယ်တိုင် ကော်ဖီဖျော်သောက်လာခဲ့ပြီးမှ ယံယံက တစ်ပတ်လောက် အိမ်လာနေပြီး မနက်တိုင်း ယံယံဖျော်ပေးသည့်ကော်ဖီ သောက်မိလိုက်ရုံဖြင့် ဉာဏ့်ပါးစပ်က အကျင့်ပျက်သွားပြီ။

ကော်ဖီသောက်ရင်း ယံယံဖျော်ပေးသည့် ကော်ဖီကို သတိရနေမိသည်။ နောက်ပြီး ကော်ဖီထက် ယံယံ့ကို ပိုသတိရသည် ။

ယံယံ သူနှင့် တွေ့ပေးချင်သည့် လူကရော ဘယ်သူလဲ။ Danielနှင့် ဆက်စပ်နေမလား။ အခုထိလည်း တွေ့မပေးသေးပါ ။ ဒီအချိန်ဆို ယံယံက ပြခန်းကိုရောက်နေလောက်ပြီ။ ယံယံ့ကို ဉာဏ်တွေ့ချင်ပေမဲ့ ပြခန်းကိုလိုက်သွားပြီး တွေ့တော့လည်း ဘာပြောရမှန်းမသိ။

သူတို့နှစ်ယောက်ကြားမှာ ဘာလို့ ပြောစရာတွေ အဲ့လောက်နည်းသွားရတာလဲ ။ အရင်ကဆို အချိန်တိုင်းနီးပါး အတူရှိနေတာတောင် သူတို့ကြားမှာ ပြောစရာတွေမကုန်ခဲ့ပါ။ အခုကျ  Danielနှင့်ပတ်သက်ပြီး ပြောဖြစ်တာကလွဲလျှင် တခြားပြောစရာအကြောင်းမရှိ။

တကယ်တော့ မရှိတာမဟုတ်ဘဲ မပြောဖြစ်တာပါ။
ဉာဏ့်ဆီမှာ ယံယံ့ကို ပြောချင်တဲ့စကားတွေ အများကြီး။ ပြီးတော့ ယံယံဆီကနေ ဉာဏ်သိချင်ကြားချင်သည့် စကားတွေလည်း အများကြီးပါ။

မနက်ပိုင်း အလုပ်က ဖိုင်အချို့ ပြန်စစ်ပြီး ဉာဏ် ဘာလုပ်ရမှန်း မသိတာနှင့် သံစဉ့်ဆီကို ဖုန်းဆက်မိရာ

" ဉာဏ်... ငါတောင် နင့်ဆီ ဖုန်းဆက်မလို့ "

" ဟုတ်လား... နင်က ဘာပြောမလို့လဲ "

" ငါ့စေ့စပ်ပွဲဖိတ်မလို့...ဟီးဟီး...နင်မလာလို့မရဘူးနော် "

ကိုရီးယားမင်းသားကလွဲပြီး မယူဘူးဟုပြောထားသော သူ့ငယ်သူငယ်ချင်းလေးတောင် လက်ထပ်တော့မှာပါလား။ ခေါင်ထွဋ်နှင့်လဝန်းပွဲတုန်းက မတက်လိုက်ရပေမဲ့ သံစဉ့်ပွဲကိုတော့ ဉာဏ် သေချာပေါက် တက်ရမည်။

My Youth Was Yours  ( Completed )Where stories live. Discover now