အပိုင်း(နှစ်)

748 37 5
                                    

တနင်္ဂနွေကို ကျွန်မတို့ မျှော်တတ်ခဲ့သလို အဲ့ကလေးကလည်း ကျွန်မတို့ကြောင့် တနင်္ဂနွေမှာ ပျော်တတ်လာခဲ့ပါသည်။
သူသူ့လက်က ပတ်တီးဖြေပြီးသွားတော့ အဆော့မလျော့ဘဲ ပိုကဲလာသည်။မသိရင် သူ့လက်ကို သံချောင်းအစားထိုးပေးလိုက်သလို မှတ်နေတတ်သည်။
"မမတို့ ကျွန်တော်နဲ့ ဘောလုံးတူတူ ကန်ပေးပါလား"

"ဟ...ငါလည်း ဒါမျိုးစောင့်နေတာ သော်ရေ...လာဝေ့ တပွဲလောက် နွဲ‌ရအောင်"
တကယ်ဆို ကျွန်မ နူးနူးညံ့ညံ့ကစားရတာမျိုးပဲ နှစ်သက်ပေမယ့် သူတို့နှစ်ယောက်ရဲ့ အားကိုးတကြီးမျက်ဝန်းတွေကို မရှောင်နိုင်တာနဲ့ ဘောလုံးလိုက်ကစားပေးခဲ့ရသည်။
သူတို့နှစ်ယောက်ပဲ ဘောလုံးကို တစ်လှည့်စီ ထိန်းကြပေမယ့် ကျွန်မကတော့ ဒီနာရီဝက်လောက်အတွင်း ဘောလုံးကို ထိကိုမထိရသေးပါ။
"တော်ပြီ...မောလာပြီ ငါလည်း ဘောလုံးမဆော့ရဘူး"

"မမက လုမှမလုတာ ကိုယ့်ခြေထောက်နားရောက်လာရင်လည်း ထိန်းထားရမှာလေ ဒါတော့ ညံ့ပါတယ်ဗျာ"
ဘဝမှာ ညံ့တယ်လို့ တခါမှအပြောမခံရဖူးဘူး ပြောခံရတော့လည်း အဲ့ ပေါက်စန ဆီကတဲ့လေ...စိတ်တိုတာနဲ့ ခြေဆောင့်ပြီး မေမေတို့နားလာခဲ့လိုက်သည်။
"ကလေးလေး...ချွေးတွေ ရွှဲလို့ပါလားကွယ် ရေများမှောက်လာတာလား"

"မဟုတ်ပါဘူး မေမေ သူသူနဲ့ ဘောလုံးကန်လာလို့"

"အို...ကလေးက ကန်တတ်သလား"

"မေမေရယ်...ကန်တတ်ဖို့နေနေသာသာ ဘောလုံးမှန်မှာစိုးလို့ ပတ်ပြေးခဲ့ရသေးတယ်"

မေမေ့ရင်ခွင်ထဲဝင်ပြီး အမောဖြေတော့ မေမေကကျွန်မ ဆံပင်တွေကိုသပ်တင်ပေးပြီး နဖူးက ချွေးလေး‌တွေသုတ်ပေးနေသည်။
ကျွန်မကသာ ပင်ပန်းသလိုခံစားနေရတာ ဟိုနှစ်ယောက်ရဲ့ ဘောလုံးလုပွဲကြီးကတော့ အခုထိ မပြီးဆုံးသေးပေ...
"သော်...ငါ့ကိုရေတိုက်ပါဦး"

"ဪ...ရေဆာတတ်သေးတယ်လား"
"ရော့...ကလေး အရင်သောက် ပြီးမှ သူ့ကိုတိုက်လိုက်"

"ဟွန့်"
ကျွန်မ အဲ့ကလေးကို ချစ်ခင်မိသလို သူသူကလည်း သူ့ကစားဖော် ကစားဖက်အဖြစ် ချစ်ခင်နေသည်။
အမော‌ဖြေပြီးတော့ ကလေးကို ဆရာမကြီးက လာခေါ်တာနဲ့ ကလေးက မလိုက်ချင်လိုက်ချင် ယက်ကန်ယက်ကန်နဲ့ပါသွားလေသည်။
"ဖေဖေတို့ပြန်ရအောင်နော် ကလေးတို့"

မုန်တိုင်းWhere stories live. Discover now