ဧည့်ခန်းတွင် ညကိုးနာရီကျော်အထိ ရိပေါ် ထိုင်နေမိသည်။ တစ်ယောက်ပြီး တစ်ယောက် ကြိုးစားပြီး ရှင်းပြပေမယ့် ရှောင်းကျန့်က လက်မခံပေ။ ဘယ်သူ့ကိုမှလည်း စကားပြန်မဖြေပေ။
" အမေလည်း ပြောပြီးပြီ။ ဒါပေမယ့် ခေါင်းငြိမ့်၊ ခေါင်းခါအပြင် ဘာမှမဖြေဘူး။ "
" သူ အဆင်ပြေရဲ့လား။ "
" ငိုတော့ မငိုနေဘူး။ အမေ သတိပေးခဲ့သားပဲ။ အခုတော့ စိတ်ထိခိုက်ပြီး ဘယ်သူ့စကားမှ လက်မခံတော့ဘူး။ "
ရိပေါ် မျက်နှာမှာ ပင်ပန်းနွမ်းနယ်ကာ စိတ်ထိခိုက်နေပြီး သက်ပြင်း ခပ်လေးလေးချ၏။ အနက်ရောင် အင်္ကျီအပေါ်တွင် ဆိုဖာပေါ်တင်ထားသော ဂျာကင်အနက်ရောင် ထပ်ဝတ်ကာ လေးလံနေသော ခြေလှမ်းတွေဖြင့် အိမ်ပေါ်တက်ခဲ့၏။
နှစ်ယောက်အတူ နေခဲ့ဖူးသော အခန်းရှေ့ရောက်မှ ခြေစုံရပ်ကာ တံခါးကို ခပ်သာသာ ခေါက်လိုက်၏။ အထဲမှ တုံ့ပြန်သံ မကြားပေ။ ရိပေါ် တံခါးလက်ကိုင်ကို ဆွဲလှည့်ကြည့်လိုက်တော့ အတွင်းဘက်မှ လော့ချထား၏။
" ကျန့်ကော ညစာစားရအောင်။ "
ထင်ထားသည့်အတိုင်း ရှောင်းကျန့်က ပြန်မဖြေပေ။
" ကိုယ့်ကို စိတ်ဆိုး၊စိတ်နာရင်တောင် ညစာတော့ စားပါ။ ကျန်းမာရေး ထိခိုက်လိမ့်မယ်။ ကိုယ်တို့ ဘယ်သူမှ ကျန့်ကောကို မနှောက်ယှက်ပါဘူး။ တစ်ယောက်တည်း ညစာ စားပါ ... နော် ... ကိုယ်ပြောတာ နားထောင်ပါ။ "
ရှောင်းကျန့်က passportနှင့် အရေးကြီး ပစ္စည်းတွေကို suitcaseအတွင်း စုထည့်နေကာ ရိပေါ်ကို လျစ်လျူရှုထား၏။ရိပေါ်က နောက်ထပ် တံခါးထပ်ခေါက်ပြန်ကာ ပြောပြန်၏။
" ကျန့်ကော နားထောင်ပါကွာ။ ဘာမှမစားမသောက်ဘဲ မနေပါနဲ့။ "
ပစ္စည်းတွေ အကုန်ထည့်လို့ပြီးသွားလေတော့ ရှောင်းကျန့်က အိတ်ကို ဗီရို အောက်ဆုံးထပ် ထိုးထည့်ထား၏။ ခံစားရတာ သက်သာလို့ သက်သာငြား အိပ်ဆေးသောက်ပြီး အိပ်ပစ်ဖို့သာ တွေး၏။
![](https://img.wattpad.com/cover/331888957-288-k654673.jpg)