ရှောင်းကျန့် ဘယ်လိုပဲ ဖုန်းခေါ်နေပါစေ ။ တစ်ဖက်မှ ဆက်သွယ်လို့မရပေ။ ရှောင်းကျန့် လက်တွေလည်း တဆက်ဆက်တုန်နေပြီး ဖုန်းကိုတောင် မနည်းကိုင်ထားရသည်။
စိတ်ကို ငြိမ်အောင် အတင်းကြိုးစားပြီး ရိပေါ်ဆီ ဆက်သွယ်နိုင်မည့် နည်းလမ်းကို စဥ်းစားသည်။ ခေါင်းပူမတတ် စဥ်းစားပြီးနောက်မှာ ရှောင်းကျန့် ဒီလိုတော့ ထိုင်စောင့်မနေချင်ပေ။မီးဖိုချောင်ဘက် ခပ်သွက်သွက် သွားလိုက်ပြီး ဟင်းချက်နေသော ကောင်မလေးထံ သွားလိုက်သည်။
" ညီမလေး အမေ့ကို စိတ်ချမယ်နော်။ သေချာအပ်ပါတယ်။အမေကို စောင့်ရှောက်ပေးပါဦးနော်။အစ်ကို သွားစရာရှိလို့။ "
ကောင်မလေးမှာ အူလည်လည်ဖြစ်နေသော်လည်း ရှောင်းကျန့် ထပ်ရှင်းမပြချင်တော့ပေ။ အဖြေတောင် ပြန်မစောင့်ဘဲ ထွက်လာခဲ့သည်။ ရိပေါ် မိခင်ထံ အကြောင်းကြားနေရင် တားနေမည်မို့ အသိမပေးဘဲ ထွက်လာခဲ့လိုက်၏။
ကားကို အန္တရာယ်များလောက်သည့် အနေအထားအထိ အရှိန်တင်ပြီး မောင်းလာလိုက်၏။ငါးနာရီလောက်ကြာမှ အိမ်ကို ပြန်ရောက်လာခဲ့၏။
ရိပေါ် ရန်သူက ဘယ်သူဘယ်ဝါရယ်မှန်းလည်း မသိသည်မို့ ရိပေါ် ဆက်သွယ်လို့ မရတာနှင့် ပတ်သတ်ပြီးဘယ်သူ့ကိုမှလည်း အကူအညီမတောင်းရဲပေ။သေချာတွေးကြည့်ရင် ရိပေါ်နှင့် ပတ်သတ်ပြီး ရှောင်းကျန့်သိတာ ရိပေါ်၏ တစ်မျက်နှာတည်းတင်ဖြစ်၏။
" အစ်ကိုလေး ... ဘယ်ကဘယ်လို ပြန်လာတာလဲ။ "
ယွဲ့အာက ရှောင်းကျန့်ကို မြင်လေတော့ အပြေးအလွှားရောက်လာကာမေး၏။
" ယွဲ့အာ ... မင်းတို့ သခင်လေးကို ဆက်သွယ်ရမယ့် တစ်ခုခု ရှိလား။ "
ရှောင်းကျန့်၏ ပုံစံမှာအတော်လေး ငိုထားဟန်လည်းရှိကာ အသံတွေလည်း အက်ကွဲနေ၏။
" ယွဲ့အာ မသိပါဘူး။ "
ယွဲ့အာက ခေါင်းလေးရမ်းပြပြီး ငြင်းလေတော့ ရှောင်းကျန့်က ယွဲ့အာကို သေချာ အကဲခတ်နေသည်။ သူမ မလိမ်တာ သေချာလေမှ အခန်းထဲ သွားရှာရင် တစ်ခုခုတော့ သိနိုင်ကောင်းသည်မို့ အလျင်စလို အိမ်ထဲဝင်ခဲ့၏။