" ဒါက ရိပေါ်ငယ်ငယ်တုန်းက ပုံတွေလေ။ သားတို့ချင်း ငယ်ငယ်က တစ်ကြိမ်၊နှစ်ကြိမ်ဆုံဖူးတယ်။ အချင်းချင်း မမှတ်မိကြလို့သာ။ "
ဝမ်ရိပေါ် အမေပြတဲ့ ဓါတ်ပုံလေးကို ရှောင်းကျန့်က လက်ထဲကိုင်ကာ ကြည့်လိုက်သည်။မြို့တော်ဝန်က ငယ်ငယ်က ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာလေးပင်။
" မမှတ်မိဘူး။ "
" သားတို့က ငယ်သေးတာကိုး။ နောက်ပိုင်းလည်း မတွေ့ဖြစ်ကြတော့ လုံးဝမေ့သွားတာ။ "
" ဟုတ်ကဲ့ "
ရှောင်းကျန့်က ဝမ်သခင်မကြီးကို သံယောင်လိုက်ကာသာ ဖြေလိုက်သည်။မြို့တော်ဝန်က ပြန်မလာသေးတော့ ရှောင်းကျန့်က ဝမ်မင်ယွဲ့ဘေးမှာ ထိုင်ရင်း ဧည့်ခန်းမှာ စောင့်နေပေးသည်။
" သူက နည်းနည်း ... အင်း ... တော်တော်လေး ဒေါသကြီးတယ်။ သားကပဲ သည်းခံပေးပါလို့ မတောင်းဆိုပါဘူး။ အဲ့ဒီအစား သူအပြောဆိုးတာပဲ မကြည့်ဘဲ သူ့စိတ်ရင်းလေးကို မြင်အောင် ကြည့်ပေးစေချင်တယ်။အန်တီ့သားမို့ ဘက်လိုက်ပြောတာ မဟုတ်ဘဲ ရိပေါ်က တကယ်စိတ်ထားကောင်းတာပါ။နဂိုက ဒေါသခပ်ကြီးကြီးနဲ့ ဒီအသက်အရွယ်လေးနဲ့ ဒီလိုနေရာကို တာဝန်ယူထားတော့ အကုန်လုံး လေးစားအောင် မျက်နှာထားတည်တင်းထားရင်း အခုက လူတိုင်း တုန်နေအောင် ကြောက်ရတဲ့ အဆင့်ရောက်သွားတာပဲ။ "
နေ့လည်က တွေ့ခဲ့တဲ့ မြို့တော်ဝန်ရဲ့ မျက်နှာကို မြင်ကြည့်ရင်း ရှောင်းကျန့် သက်ပြင်းခပ်တိုးတိုးချရင်း ဖြေလိုက်ပါသည်။
" ဟုတ်ကဲ့ "
" သား သွားနားချင်ရင် နားလေ။ ရိပေါ်က ကြာဦးမယ်ထင်တယ်။ "
" ဟုတ်ကဲ့ ... ရပါတယ်။ ကျွန်တော် အန်တီနဲ့အတူ စောင့်လိုက်ပါ့မယ်။ "
ရုပ်ရည်ချောချောလေးနဲ့ ဒေါသကြီးသော မြို့တော်ဝန်ကို အမှန်တိုင်း ဝန်ခံရရင် ရှောင်းကျန့်လည်း လန့်ပါသည်။
" သခင်လေး ပြန်လာနေပြီ။ "
အိမ်အပေါ်ထပ်ကနေ ပြာယာခတ်စွာ ဆင်းလာတဲ့ အိမ်အကူကောင်မလေးက အော်ပြောတော့ တံခါးစောင့်က ခြံတံခါး ပြေးဖွင့်သည်။ အိမ်အကူကောင်မလေးက အိမ်အပေါ်ထပ်ကနေ လှမ်းမြင်လိုက်ပုံပါပဲ။