"ကလေး ခဏနော်"

"ဟုတ်"

မာမီဖုန်းမကိုင်ပေမဲ့ တီချယ်ကတော့ အပြင်ကိုထွက်ခါ ထပ်ပြီးဆက်သွယ်နေသည်။ ဖုန်းကို လူနဲ့မခွာဆောင်ထားတတ်တဲ့မာမီ့အကြောင်း သိထားသူမို့ ဖုန်းမကိုင်တာကတောင် မိုင်မိုင်းအတွက်အတွေးများကာ မျက်ရည်ဝဲစေနိုင်၏။

"ကျောင်းက အတန်းပိုင်ရဲ့ဖုန်းမို့ မကိုင်တာလားဟင် ... မိုင်မိုင်းကိုနည်းနည်းလေးမှမချစ်ဘူးလား"

ခေါင်းငုံ့ကာ ခပ်တိုးတိုးရေရွတ်မိ​တော့ မျက်ရည်စတချို့ကလည်း ပါးပြင်နုနုလေးပေါ်စီးကျလာသည်။သူငယ်ချင်းတွေကိုအားကျတယ်။
ကျောင်းဆင်းချိန်တိုင်း မာမီလာကြိုပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။

"ဟင့် ... ဦးဦးကရော လာကြိုမယ်ဆိုပြီး"

စားပွဲပေါ်လက်တင်ကာ မျက်နှာမှောက်ချရင်း အသံထွက်သည်အထိငိုမိ၏။ဦးဦးကလည်း မာမီနဲ့ဒယ်ဒီလိုပဲ မိုင်မိုင်းကိုမချစ်ပါဘူး။

"မိုင်မိုင်း"

"... "

"သမီး"

ပခုံးကိုဆွဲလှုပ်ရင်းခေါ်လာတဲ့အသံက မိုင်မိုင်းရင်းနှီးနေတဲ့အသံ...ထိုအသံကြောင့် မော့ကြည့်မိတော့ သူမကိုခပ်ပြုံးပြုံးကြည့်နေတဲ့ မာမီ့မျက်နှာကို ရှင်းလင်းစွာမြင်လိုက်ရသည်။

"မာမီလား"

"အင်း မာမီလာကြိုတာ။ပြန်မယ်လေ"

"ဟီး တကယ်ကြီးမာမီလာကြိုတာပဲ"

"တကယ်ပါ... မာမီလာကြိုတာ"

"မာမီကအလုပ်အားလို့လား။တီချယ်ဖုန်းဆက်ခေါ်တော့ ...မိုင်မိုင်းကြောင့် အလုပ်ဖျက်ပြီးလာခဲ့တာလားဟင်"

"ဟုတ်တာပေါ့ မာမီ့မိုင်မိုင်းလေးကို လာကြိုပေးချင်လို့ အလုပ်ဖျက်ခဲ့တာ။ဒါနဲ့ ... တီချယ်က ဖုန်းဆက်တာလား။ မာမီ့ဖုန်းအသံတိုးထားလို့မသိလိုက်ဘူး"

ခေါင်းလေးကိုပွတ်သပ်ပေးလာတဲ့ မာမီကြောင့် မိုင်မိုင်းကကြောင်ပေါက်လေးလို မာမီ့လက်တွေကြားထဲ တိုးဝင်လိုက်သည်။မာမီ့ရယ်သံလွင်လွင်ပျံ့နှံ့လာပြီး မိုင်မိုင်းရဲ့ကျောပိုးအိတ်ကိုယူလိုက်တာမို့ အလိုက်သိတဲ့မိုင်မိုင်းကလည်း မာမီ့လက်ချောင်းတွေကိုဆုပ်ကိုင်လိုက်၏။

My Baby GirlWhere stories live. Discover now