မိုးဦးက စားပွဲခုံပုလေးပေါ်တွင် တင်ထားသော သူ့ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ပြကာ မောင့်ကို ကြွားနေသည်။ ဆရာလေးက မိုးဦးကို ကြည့်ကာ အားရပါးရရယ်မောလိုက်၏။

"ငါ့သားကတော့ ကြွားပြီ​ဟေ့"

"ညိုမောင်ရေ... မင်းကို ကြွားချင်လွန်းလို့ မနေ့ကတည်းက စောင့်နေတာ၊ မင်းမလာလို့"

မောင်သည် မျက်လုံးလေး အဝိုင်းသားနှင့် သူ့အတွက် အရာရာ ထူးဆန်းနေလေသည်။
မိုးဦးက အရုပ်လေး တစ်ရုပ်ကို ယူလိုက်ပြီး ရှင်းပြနေ၏။

အရုပ်လေးမှာ လူရုပ်သေးသေးကလေးများကို အပေါ်နှင့်အောက် အတန်းနှစ်တန်းထားကာ တန်းစီ၍ ရပ်နေကြသည်။

"ဒါက ကချင်၊ ဒါက ကယား၊ အပေါ်က ယောင်္ကျား၊အောက်က မိန်းမ၊ ဒါကတိုင်းရင်းသားတွေကွ၊ ငါတို့က ဒီမှာ ဗမာလေ"

မိုးဦးက ရှင်းပြရင်း နားရောလည်ရဲ့လား ဟူသော မျက်နှာပေးနှင့် မောင့်ကို တစ်ချက်ကြည့်လိုက်ပြီး လူကြီးကလေးပုံစံဖြင့် မေးလိုက်သည်။

"မောင်.... ဒါက ဘာလဲ"

"ဗမာ"
မိုးဦး ကျေနပ်သွားလေသည်။ ထို့နောက် ကာတွန်းဂျာနယ်များကို ပြသည်။ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း။ မောင်သည် ရောင်စုံ ရုပ်ပုံလေးများနှင့် ကာတွန်းများကို စိတ်ဝင်တစား ကြည့်လိုက်သည်။ မောင်ရော မိုးဦးပါ သင်ဖြူးဖျာပေါ်တွင် ဝမ်းလျားမှောက်ရင်း ကာတွန်းဖတ်ကြသည်။
ခနကြာတော့ အမျိုးသမီးတစ်ဦးသည် ကလေးတစ်ယောက်ကို ချီလျက် အိမ်ထဲသို့ ဝင်လာသည်။ ထိုအမျိုးသမီးက
"အံမယ် ဧည့်သည်တွေ ဘာတွေ ရောက်လို့ပါ့လား၊ ဘယ်သူတုန်းကွယ့်"

မိုးဦးက
"မောင်လေ မေမေရဲ့...."

"ဪ... ညိုမောင် ရောက်လာပြီပေါ့... အေးအေးအေး" ဟု ပြုံးကာ ပြောရင်း ချီထားသော ကလေးငယ်အား ဆရာလေးလက်ထဲသို့ လွှဲပေးလိုက်သည်။
"အန်တီမြ ပြန်ရောက်နေလို့ စကားပြောရင်း ကြာသွားတာ၊ ဒီမှာ ပုသိမ်ပြန်လက်ဆောင်တဲ့"

"ဟာလဝါတွေလား"

"ဟုတ်တယ်၊ ခနလေး ပန်းကန်ထဲ ထည့်ခဲ့မယ်" ဟုပြောရင်း မီးဖိုချောင်ဘက်သို့ ဝင်သွားလေသည်။

မောင့်ငယ်ဖော်Όπου ζουν οι ιστορίες. Ανακάλυψε τώρα